Saturday, December 20, 2008

ကလေးမြို့တွင်း ကသည်းသူပုန်တယောက် သေနတ်နှင့်ပစ်သတ်ခံရ

ယမန်နေ့ ညနေ ၆း၄၅ မိနစ်လောက် အချိန်မှာ ကလေးမြို့ ရိုမန်ကစ်သလစ် ဘုန်းကြီး ၀င်အရှေ့ဘက် ၀င်ပေါက် လမ်းမှာ အိမ်ငှါးပြီး နေသော ကသည်းသူပုန်တယောက် ရုပ်မြင်သံ ကြား ကြည့်နေစဉ် ၄င်းတို့အိမ်၏ ဖွင့်ထားသော ပြတင်းပေါက်မှ လက်နက်ငယ်(ခြောက်လုံး ပြူး) ဖြင့် ရှစ်ပေအကွာလောက်မှ ၀င်ရောက်ပစ်ခတ်သွားရာ ရင်အုန်ကြားကို သေနတ်ကျဉ်စံ မှန်ပြီး ဆေးရုံသို့ပို့ခဲသော်လည်း မကြာမှီ သေဆုံးသွားခဲ့သည်၊ ၂၁း၁၂း၀၈ တနင်္ဂနွေနေ့ တွင် င်္သဂြိုလ်မည်ဖြစ်ကြောင်း သိရပါသည်။
သေဆုံးသူသည် ကလေးမြို့ရှိ ကသည်းသူပုန်များအတွင်း ဒုတိယအကြီးဆုံးဟု ယူဆ ရကြောင်းနှင့် ပစ်ခတ်သူသည် ဆိုင်ကယ်နှင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ၄င်း၏ ယောက္ခမ နှင့် ဇနီးဖြစ်သူတို့မှ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းသော်လည်း နံဘေးအိမ်များမှ ၀င်ရောက်ကူညီခြင်းမရှိကြောင်း၊ ကလေးမြို့နေလူများ၏ ပြောဆိုချက်အရ ကလေးမြို့တွင် ကသည်းသူပုန်များစွာ နေထိုင်ကြကြောင်း ကြားသိရပါသည်။
၎င်းပစ်ခတ်မှု့သည် ၎င်းတို့အချင်းချင်းအတွင်း ပစ်ခတ်မှု့ဖြစ်ကြောင်း ပြောဆိုနေကြ သော်လည်း အဏာပိုင်များဘက်မှ မည်သူ၏လက်ချက်ဖြစ် ကြောင်း မည်သည့်သတင်း
ထုတ်ပြန်မှု့မျိုးမှ မရှိသေးပါ၊ ဤသို့ပစ်ခတ်မှု့သည် ကလေမြို့တွင်း ပထမဆုံးဖြစ်ပွားမှု့ဖြစ်ပြီး ကလေးမြို့နေလူထုအတွက် လုံခြုံမှု့မရှိကြောင်း သက်သေပြ လိုက်သလိုဖြစ် ကြောင်း ကလေးမြို့နေပြည်သူများမှပြောဆိုနေကြကြောင်း ကြားသိရပါသည်။
ပြဿနာ များစွာလာတော့မည်ဟု ဦးဝင်တင် သတိပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာ များစွာကို ကြုံတွေ့ ရတော့မည်ဟု အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

“(အဖွဲ့ချုပ်ရဲ့) အနေအထားကို ကြည့်မယ်ဆိုရင် အားလုံး သိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ် အနည်းငယ်ဆိုရင် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်”ဟု ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဟောပြောပွဲ တခုတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဦးဝင်းတင် (ဓာတ်ပုံ - ဧရာဝတီ)
အဖွဲ့ချုပ် ကြုံတွေ့ရမည့် ပြဿနာတခုအဖြစ် စစ်အစိုးရ၏ ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြရမည့် အရေးကို ဥပမာပေးခဲ့သည်။

စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် မေလတွင် အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို လာမည့် ၂ နှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည်။ လွန်ခဲ့သည့် ၁၈ နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အဖွဲ့ချုပ်က အဆိုပါ အခြေခံ ဥပဒေကို ပြန်သုံးသပ်ရန် စစ်အစိုးရကို တိုက်တွန်းထားသည်။ သို့သော်လည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ဤသို့သော အခြေအနေတွင် မကြာမီက အကျဉ်းထောင်မှ ပြန်လွတ်လာပြီး အဖွဲ့ချုပ်၏ ခေါင်းဆောင် တဦးအဖြစ် ပြန်လည် တာဝန်ပေးခံရသူ ဦးဝင်းတင်က ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိလာမည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

ဦးဝင်းတင်၏ သတိပေးချက်နှင့် ပတ်သက်၍ ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက “အခုလည်းပဲ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုပြီး စိန်ခေါ်ခံနေရတယ်” ဟု ဆိုသည်။

“အဖွဲ့ချုပ်က ဒီကနေ့အထိ တောင့်ခံနေနိုင်တာက လူထုက သူ့ကို ထောက်ခံထားလို့၊ လုပ်ပိုင်ခွင့် ပေးထားလို့ဖြစ်တယ်။ လူထုရဲ့အားနဲ့ပဲ လုပ်ချင်တဲ့လုပ်ငန်းတွေ အကုန်လုံးကို လူထုနဲ့အတူ လုပ်ကြရလိမ့်မယ်။ ဥပမာ … ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာမှာ မတင်ဘူးလို့ ဆုံးဖြတ်တယ်ဆိုရင် လူထုနဲ့အတူ ရင်ဆိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲအတွက် အမတ်စာရင်းတွေ တင်ခိုင်းရင် မတင်နိုင်ဘူး၊ ဒီကိစ္စကို လုံးဝ စဉ်းစားမှာ မဟုတ်ဘူးလို့ တောင့်ခံမယ် ဆိုရင် အဲဒါအတွက် လူထုနဲ့အတူ ပြင်ဆင်ရလိမ့်မယ်” ဟု ကိုငွေလင်းက ဧရာဝတီသို့ ပြောပြသည်။

အင်္ဂါနေ့ကပြုလုပ်သည့် ဟောပြောပွဲတွင် ဦးဝင်းတင်က တက်ရောက်လာသည့် လူငယ်များအား ပြဿနာအခက်အခဲများအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ “ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီး အရေးကြီးပါတယ်” ဟု တိုက်တွန်းလိုက်သည်။

ဧရာဝတီ သတင်းမှ

Wednesday, December 17, 2008

နေပြည်တော်တွင် တရုတ်သံရုံးအတွက်
မြေ (၁၅) ဧကထိ ခွဲတမ်းတိုးပေးထား
NEJ/ ၁၆ ဒီဇင်ဘာ ၂၀၀၈


ရန်ကုန်မှ နိုင်ငံခြားသံရုံးများ နေပြည်တော်ပြောင်းလာစေရေးအတွက် သံရုံးများအတွက် မြေခွဲတမ်းချပေးရန် ကမ်းလှမ်းထားရာ တရုတ်သံရုံးက စစ်အစိုးရပေးသည့်မြေဧရိယာထက် ပိုတောင်းသည့်အတွက် ခွင့်ပြုလိုက်ရသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂရုံးများအား ၂၀၀၇ ခုနှစ်အတွင်း နေပြည်တော် ပြောင်းရွှေ့လိုပါက မြေဧက (၅) ဧကစီ ပေးမည်ဟု စစ်အစိုးရက ကမ်းလှမ်းခဲ့သော်လည်း တရုတ်သံရုံးက တိုးတောင်းသည့်အတွက် (၁၅) ဧကထိ ပေးခဲ့ခြင်းဖြစ်သည်။ ရုရှသံရုံးကလည်း မြေတိုးတောင်းသည့်အတွက် (၅) ဧကထက် ပိုပေးထားရသည်ဟု စုံစမ်းသိရသည်။
မြန်မာစစ်အစိုးရက ပေကျင်းတွင် သံရုံးဖွင့်ထားသည့်အပြင် ကူမင်း၌လည်း မြန်မာကောင်စစ်ဝန်ရုံး ဖွင့်ထားသည့်အတွက် မြန်မာစစ်ခေါင်းဆောင်များဘက်က အပြန်အလှန် လိုက်လျောခဲ့ခြင်းဖြစ်နိုင်သည်ဟု သံတမန်တဦးက ယူဆသည်။ ကူမင်းမြန်မာကောင်စစ်ဝန်ရုံးအပြင် ရွှေလီ၌လည်း နောက်ထပ် မြန်မာကောင်စစ် ၀န်ရုံးသစ် ဖွင့်ရန်အလားအလာရှိသော်လည်း မသေချာသေးဟု နိုင်ငံခြားရေး အရာထမ်းတဦးက ပြောသည်။
သို့သော် တရုတ်သံရုံး မည်သည့်အချိန် နေပြည်တော် စတင်ပြောင်းမည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
ရန်ကုန်အနောက်တိုင်း သံတမန်တဦးအား နေပြည်တော် ပြောင်းရွှေ့ရန် ရှိမရှိ ခေတ်ပြိုင်ကမေးရာ “နိုက်ဂျီးရီးယားနိုင်ငံ စစ်အစိုးရလက်ထက်တုန်းကလည်း အဘူဂျာမြို့တော်သစ်ကို ပြောင်းတော့ စစ်အာဏာရှင်ရှိနေသမျှ မြို့တော်သစ်ကို မပြောင်းဘူးလို့ လေးဂို့စ်မြို့က နိုင်ငံခြားသံရုံးတွေ ဆုံးဖြတ်ခဲ့ပြီး သံရုံးအဆင့်အတန်း လျှော့ချခဲ့တဲ့ သာဓကရှိပါတယ်” ဟုသာ ဖြေကြားခဲ့သည်။
အမေရိကန်သံရုံးကမူ နေပြည်တော် မပြောင်းဘဲ ရန်ကုန်မြို့တွင်သာ ဆက်လက်ရုံးစိုက်သွားမည်ဟု ပြောထားသည့်အတွက် ကျန်အနောက်တိုင်း သံရုံးများလည်း အမေရိကန်သံရုံးနည်းတူ ရန်ကုန်တွင်သာ ဆက်နေမည့် အလားအလာရှိသည်။
မြန်မာစစ်အစိုးရသည် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာန (၃၀) ကို ရန်ကုန်မှနေပြည်တော်သို့ ၂၀၀၅ ခု အောက်တိုဘာမှ ၂၀၀၆ ခု ဧပြီထိ (၆) လအတွင်း စစ်သုံးယာဉ် (၃,၉၀၃) စီးနှင့် ပြောင်းရွှေ့ခဲ့သည်။ မူလက ၂၀၀၆ ခု မေလ (၂၀) ရက်နေ့အပြီး ၀န်ကြီးဌာနများအားလုံး ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၂၀၀၆ ခု မေလမှ စက်တင်ဘာထိ (၄) လအတွင်း နောက်ထပ် စစ်သုံးယာဉ် (၁,၃၃၆) စီးဖြင့် ကျန်ဝန်ကြီးဌာနများကို ထပ်မံပြောင်းရွှေ့ပေးခဲ့ရသည်။
ကိုအေးလွင်အဖွဲ့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေ

အတိုက်အခံအများစုက ကန့်ကွက်ထားသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရန် စစ်အစိုးရလိုလားသော ကိုအေးလွင် ဦးဆောင်သော အဖွဲ့က ပြင်ဆင်မှု ပြုနေသည်။

စစ်အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒများကို အားပေးထောက်ခံလေ့ရှိသည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့က စစ်အစိုးရ၏ လမ်းပြမြေပုံအရသွားမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သွားမှာ ဖြစ်သည်။

''ပါတီနာမည်တော့ မရွေးရသေးဘူး။ ကျနော်တို့ ပြင်ဆင်နေပါတယ်။ အစိုးရကနေ ပါတီဥပဒေ ထုတ်ပြန်ရင်လာရင် အဆင်သင့် ဖြစ်အောင်ပါ'' ဟု ကိုအေးလွင်က မဇ္ဈိမကို ပြောဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ ထိုအဖွဲ့သည် နိုင်ငံရေး စည်းရုံး လှုပ်ရှားမှုများကို ပြုလုပ်လာရာ ယခုအခါ ရန်ကုန်တိုင်း အပါအ၀င် မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များအထိ လှည့်လည် စည်းရုံးခဲ့ပြီး ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ စာနယ်ဇင်းသမားများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

"ပြည်သူကြားထဲမှာ ကျနော်တို့နဲ့ အမြင်တူတဲ့သူတွေကို နိုင်ငံရေးအရ ပါဝင်လာအောင် ဆောင်ရွက်လာတာ အခု ရန်ကုန် အပါအ၀င် တိုင်း ၆ ခုနဲ့ ပြည်နယ် ၃ ခု ရှိသွားပြီ" ဟု ကိုအေးလွင်က ပြောသည်။

၁၉၈၈ ခုနှစ်က ပါတီစုံ ဒီမိုကရေစီသို့ ပြောင်းလဲရန် နိုင်ငံအ၀ှမ်းလမ်းပေါ် ဆန္ဒပြမှုများကို ဖြစ်ပေါ်စေသည့် တက္ကသိုလ် ကျောင်းသားများ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် စက်မှုတက္ကသိုလ် ကျောင်းသားတဦးဖြစ်သည့် ကိုအေးလွင်သည်လည်း ဦးဆောင် ပါဝင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဓိက အတိုက်အခံ အင်အားစုများနှင့် ခေါင်းဆောင်များကို ဝေဖန်သူ ဖြစ်လာခဲ့သည်၊

ထို့အပြင် သူ၏အဖွဲ့သည် အမေရိကန်နှင့် ဥရောပ၏ စစ်အစိုးရအား စီးပွားရေး ပိတ်ဆို့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက် ခံထားရသော်လည်း ပါလီမန်ခေါ်ယူခွင့် မရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အပါအ၀င် ဒီမိုကရေစီ အင်အားစုများက စစ်အစိုးရက တကျော့ပြန် ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံပယ်ချထားသည်။

"သူတို့ဘာသာလုပ်တဲ့ သဘောပဲ။ အန်ကယ်တို့အနေနဲ့ စည်းရုံးရေးဆင်းဖို့ ဆန္ဒမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး။ နအဖ အာဏာပိုင်တွေအနေနဲ့ တရားဝင် ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာ မလုပ်ဘူး၊ အပေးအယူ မလုပ်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် ရွေးကောက်ကို ၀င်ဖို့ စဉ်းစားမယ်။ ဘာတွေပြင်မှာလဲ၊ ဘယ်လို့ ပြင်မှာလဲ ဆိုတဲ့အပေါ်မှာ ပြန်စဉ်းစားမယ်" ဟု စီအာပီပီမှ ဦးအေးသာအောင်က ပြောသည်။

မကွေးတိုင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးကတော့ လက်ရှိ အခြေခံဥပဒေသည် လူသတ်လိုင်စင်ပေးသည့် ဥပဒေဟု ပြောလိုက်သည်။

"ဒီအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ၀င်လိုက်မယ်ဆိုရင် လူသတ်လိုင်စင်ပေးတဲ့ ဥပဒေ ဖြစ်နေတယ်။ ကိုယ့်ကို သတ်ပါလို့ ပြောနေတဲ့ အတိုင်းပဲ။ ဒါကြောင့် ဒီဟာကို လုံးဝ လက်မခံဘူး။ အန်တီတို့က အခြေခံ ဥပဒေမှာထဲက ဆန့်ကျင်ခဲ့တာ အခုလည်း ဆန့်ကျင်အုံးမယ်" ဟု သူက ပြောသည်။

"နိုင်ငံရေး လုပ်စားသူတွေနဲ့ နိုင်ငံရေးကို တကယ်လုပ်တဲ့ လူတွေက တကယ့်ကို ကွာတယ်။ အခု ရွေးကောက်ပွဲကို ဘာကြောင့်မို့ ၀င်ရမှာလဲ။ ၉၀ ခုနှစ် ရွေးကောက်ပွဲ နိုင်တာတောင်မှ လွှဲမပေးတဲ့ ကိစ္စပဲ။ အခုတခါ အန်အယ်ဒီ ၀င်ပြိုင်လို့ နိုင်ရင်လည်း အန်အယ်ဒီ မရဘူး။ ဒီအခြေခံဥပဒေအတိုင်း ၀င်ပြိုင်မယ် ဆိုရင်လည်း ဘယ်နိုင်ငံရေးသမားကောင်း ဖြစ်မလဲ။ ကိုယ်တိုင်းပြည်ကို သေတွင်းထဲပို့တာနဲ့ အတူတူပဲ။ နဂိုမှ မသေမရှင် ဖြစ်နေတဲ့ဟာကို သတ်ပစ်လိုက်တာနဲ့ တူနေတယ်" ဟု သူက ဆက်ပြောသည်။

အဆင့် ၇ ရပ်ဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းခြင်းဟု စစ်အစိုးရက ပြောဆိုထားချက်တွင် ရွေးကောက်ပွဲလုပ်ရေးအတွက် ဥပဒေပြု ပြဌာန်းချက်မှာ အစောဆုံးအားဖြင့် ယခု လကုန်ပိုင်းတွင် ထွက်ရှိလာလိမ့်မည်ဟု ပြည်တွင်း နိုင်ငံရေးသမားများက မျှော်လင့်ထားကြသည်၊

Tuesday, December 16, 2008

ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုရန်စီစဉ်

ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုရန်စီစဉ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ စာပို့တိုက် အုပ်ချုပ်ရေးဌာနက ရှေ့နှစ်ဆန်းတွင် တံဆိပ်ခေါင်းသစ် ၃ မျိုး ထုတ်ဝေသွားမည် ဖြစ်သည်။

US$ 0.94, CHF 1.30 နှင့် EUR 1.15 တန် တံဆိပ်ခေါင်းသစ် ၃ မျိုးကို "ဦးသန့်ရာပြည့်" တွင် အထိမ်းအမှတ် အဖြစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလဆန်း၌ ထုတ်ဝေသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ဦးသန့်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတွင်းရေးမှူးချုပ်အဖြစ် တညီတညွတ်တည်း ခန့်အပ်ခဲ့ကြပြီး ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ တာဝန် ထမ်းဆောင်သွားခဲ့သည်။

ဦးသန့်သည် ဤကမ္ဘာ့အဖွဲ့အစည်းကြီး၌ ဤရာထူးကို ထမ်းဆောင်သည့် ပထမဆုံး အာရှတိုက်သားဖြစ်ပြီး၊ နောက်ထပ် ဤရာထူးကို ရရှိသူမှာ တောင်ကိုရီးယားနိုင်ငံမှ လက်ရှိအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ဖြစ်သည်။

ဦးသန့်ကို မြန်မာနိုင်ငံ ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က မွေးဖွားခဲ့ပြီး၊ အဆုတ် ကင်ဆာရောဂါဖြင့် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့သည်။

အတွင်းရေးမှူးချုပ်အဖြစ် သူ၏ ရာထူးသက်တမ်းအတွင်း ဦးသန့်သည် ဖြစ်ပွားလာဖွယ်ရှိသော စစ်ပွဲများကို စေ့စပ်ဖြန်ဖြေ၍ အောင်မြင်စွာ တားဆီးပေးနိုင်ခဲ့သည်။ ထိုသို့ မတားဆီးနိုင်ခဲ့ပါက ၁၉၆၂ ခုနှစ် ယီမင်နိုင်ငံ၊ ၁၉၆၈ ဘာရိန်းနိုင်ငံတို့တွင် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ ပဋိပက္ခများအထိ ဖြစ်ပွါးလာခဲ့မည် ဖြစ်သည်။

ဤသို့ ကျော်ကြားထင်ရှားခဲ့သူ ဖြစ်သော်လည်း၊ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်က သွေးထွက်သံယို မရှိသော အာဏာသိမ်းပွဲဖြင့် အာဏာရလာသူ ဗိုလ်ချုပ်ကြီးနေဝင်းက ဦးသန့်၏ ရုပ်အလောင်းကို နယူးရောက်မြို့မှ လေယာဉ်ဖြင့် သယ်လာသောအခါ နိုင်ငံတော် ဈာပနဖြင့် ဂုဏ်ပြုရန် ငြင်းဆန်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ လုပ်ရပ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားများကို ချက်ချင်းပင် ဆွပေးလိုက်သလို ဖြစ်သွားပြီး၊ ကြီးကျယ်သော ဈာပနအခမ်းအနား ကျင်းပ၍ ဂုဏ်ပြုရန် ဦးသန့်၏ ရုပ်အလောင်းကို လုယူကာ တက္ကသိုလ်နယ်မြေသို့ သယ်ဆောင်သွားကြသည်။ သို့သော် ဗိုလ်ချုပ်ကြီး နေဝင်းက တက္ကသိုလ်နယ်မြေအတွင်းသို့ စစ်တပ်များ စေလွှတ်ကာ ကျောင်းသားများကို သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပါသည်။

ဦးသန့်အား နိုင်ငံတော်ဈာပနဖြင့် ကျင်းပဂုဏ်ပြုရန် တောင်းဆိုရာမှ စတင်ခဲ့သော ဤအဖြစ်အပျက်သည် နောင်အခါ တွင် မြန်မာ့ခေတ်သစ်သမိုင်း၌ "ဦးသန့်အရေးအခင်း" အဖြစ် လူသိများခဲ့သည်။ ဤအရေးအခင်းကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းအပြီးတွင် ကျောင်းသားများ အရပ်သားများ အများအပြားသည် ရန်ကုန်မြို့ လမ်းမများပေါ်တွင် ချီတက်၍ ဦးနေဝင်းနှင့်သူ၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဆန္ဒပြခဲ့ကြသည်။

ကုလသမဂ္ဂ စာတိုက်ဌာန၏ အဆိုအရ နိုင်ငံလဲမဟုတ်၊ ပိုင်နက်နယ်မြေတခုလဲ မဟုတ်ဘဲ တံဆိပ်ခေါင်း ထုတ်ဝေခွင့်ရသည့် အဖွဲ့အစည်းမှာ ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ တခုထဲသာရှိသည်ဟု ဆိုသည်။

အလားတူပင် ကုလစာတိုက်ဌာနသည် အမေရိကန်ဒေါ်လာ၊ ဆွစ်ဖရန့် နှင့် ယူရို ငွေကြေး ၃ မျိုးဖြင့် တံဆိပ်ခေါင်းများ ထုတ်ဝေသည့် တခုတည်းသော စာပို့တိုက် အာဏာပိုင်အဖွဲ့လည်း ဖြစ်သည်။

Thursday, December 4, 2008


လူရွှင်တော် ဇာဂနာကို ထောင်ပြောင်းပြီ
English news
ခွင့်လွတ်ခြင်းသည် မေတ္တာတရား၏ အခြေခံအကြောင်းရင်း

ခွင့်လွတ်ခြင်းသည် မေတ္တာတရား၏ အခြေခံအကြောင်းရင်း

Wednesday, December 3, 2008

Aung San Suu Kyi

Daw Aung San Suu Kyi

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ တောင်းဆို

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် မစ္စတာ ဘန်ကီမွန်းအား ယခု နှစ်ကုန်ပိုင်း အတွင်း မြန်မာပြည်သို့ သွားရောက်ပြီး ဖမ်းဆီး ထိန်းသိမ်း ထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖိအားပေးရန် ကမ္ဘာ့ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်း ၁၀၀ ကျော်က စာရေး၍ တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ အစည်းအဝေး တခုတွင် ပြောဆို ဆွေးနွေးနေသော မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - ရိုက်တာ)

အဆိုပါ ခေါင်းဆောင်ဟောင်းများက ယနေ့ရက်စွဲဖြင့် မစ္စတာ ဘန်ကီမွန်းထံ တောင်းဆိုလိုက်သည့်စာထဲတွင် “အကယ်၍ ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို စစ်အစိုးရ က ငြင်းပယ်ခဲ့လျှင် လုံခြုံရေး ကောင်စီတွင် တင်သွင်း အရေးယူရန် တိုက်တွန်းတောင်းဆိုကြောင်း” လည်း ရေးသားထားသည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ အတွင်းက လုံခြုံရေး ကောင်စီ ဥက္ကဌ၏ ထုတ်ပြန်ချက်သည် ထိရောက်မှုမရှိ ကြောင်းနှင့် မြန်မာနိုင်ငံတွင် ယခင် နိုင်ငံရေး အကျဉ်းသား ၁၂၀၀ ရှိရာမှ ၂၀၀၇ ခုနှစ် ဇွန်လမှ စတင်၍ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော် ရှိလာပြီး စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးနှိမ်နင်း ခြင်း၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းများ ပြုလုပ်နေဆဲဖြစ်သည်ဟုလည်း အဆိုပါစာတွင် ပြောဆိုထားသည်။

ယင်းစာကို အင်္ဂလန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၊ အမေရိကန် သမ္မတဟောင်း မစ္စတာ ဂျော့ ဒဘလျူ ဘုရှ်၊ ဂျပန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ ကိုအိဇုမိ၊ ဖိလစ်ပိုင် သမ္မတဟောင်း မစ္စ ကိုရာဇန် အကွီနို ၊ နော်ဝေး ၀န်ကြီးချုပ်ဟောင်း မစ္စတာ ကဂျီး မဂ္ဂနဲ ဘွန်ဒီဗစ် တို့အပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း၅၀ကျော်မှ သမ္မတဟောင်း နှင့် ဝန်ကြီးချူပ်ဟောင်း ၁၁၂ ဦး က သဘောတူညီချက်ဖြင့် ရေးသားပေးပို့ခြင်းဖြစ်သည်။

ယင်းစာပေးပို့ခြင်း အစီစဉ်ကို နော်ဝေးနိုင်ငံ နှင့် အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့်ငြိမ်းချမ်းရေး အဖွဲ့(Oslo Center for Peace and Human Rights) ဥက္ကဌနှင့် နော်ဝေးနိုင်ငံဝန်ကြီးချူပ်ဟောင်း မစ္စတာ ကဂျီး မဂ္ဂနဲ ဘွန်ဒီဗစ်(Kjell Magne Bandevik) က ပထမဆုံးမြန်မာပြည်အရေးနှင့်ပတ်သက်ပြီး ဦးစီးဆောင်ရွက်ခြင်း လည်း ဖြစ်သည်။

နော်ဝေးဝန်ကြီးချူပ်ဟောင်း မစ္စတာ ဘွန်ဒီဗစ်က“ဒီနေ့မှာပဲ ကျနော်တို့ တညီတညွတ်တည်း မြန်မာ့အရေးကို ကမ္ဘာ့ကုလသမဂ္ဂက အထူးကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်၊ မြောက်များစွာသောဂုဏ်သရေ ရှိသူများက ကျနော်နဲ့အတူ ပူးပေါင်းပြီး အရေးကြီးတဲ့ မြန်မာ့အရေးကို မီးမာင်းထိုးပြတာလည်းဖြစ်ပါတယ်”ဟု ၎င်းတို့ ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ဖော်ပြထားသည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ပထမခြေလှမ်းအနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အရင်ဆုံးလွှတ်ပေးရပါမယ်”ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်အစိုးရအနေနှင့် လွန်ခဲ့သည့်လက ထောင်ဒဏ် အမြင့်ဆုံး ၆၈ နှစ် ချခံရသည့် စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ နာဂစ် လေဘေးကူညီကယ်ဆယ်ရေး လုပ်သူများ၊ သံဃာတော်များ၊ ရှေ့နေများနှင့် နိုင်ငံရေး လှုပ်ရှားသူ ၂၁၅ ဦးကျော် အပါအ၀င် နိုင်ငံရေး အကျဉ်း သား ၂၁၀၀ ခန့်ကို ပြန်လည်လွှတ်ပေးရန် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရကို ဖိအားပေးရေး တိုက်တွန်း တောင်းဆိုခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားသူများကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များချမှတ်၍ အရေးယူမှု များ ပြုလုပ်နေချိန်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှုတ်ဆိတ်နေသည် ဟု မြန်မာ့ အရေးလေ့လာသူများက သုံးသပ်ဝေဖန်နေကြသည်။

ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) အဆိုအရ စစ်အစိုးရ က နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအဝင် ကျောင်းသား ခေါင်းဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင် များ၊ သံဃာတော်များ ၊ နိုင်ငံရေးလှုပ်ရှားသူများ စသည့် စုစုပေါင်း ၂၁၅ ဦး ကို လွန်ခဲ့သည့်လအတွင်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ၎င်းတို့အထဲမှ ၁၃၀ကျော်ကို နယ်စွန် နယ်ဖျားရှိ အကျဉ်းထောင်များသို့ ရွှေ့ပြောင်း ခဲ့ကြောင်းလည်း သိရသည်။


ဧရာဝတီ သတင်းမှ

Monday, December 1, 2008

မော်လမြိုင် မြို့မဈေးကြီး မီးလောင်

မော်လမြိုင်မြို့ရဲ့ အထင်ကရ ဈေးကြီးတခုဖြစ်သည့် မြို့မဈေး (အောက်ဈေး) ကြီးသည် ယမန် နေ့ ညနေပိုင်းက စတင် ပြီး မီးလောင်ရာတနေ့နံနက်ထိ ဈေးတစ်ခုလုံး လောင်းကျွမ်းခဲ့ကြောင်း မြို့ခံများကပြောသည်။

လက်ဘက်ရည်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့သော မီးသည် ယနေ့ ၆ နာရီထိ မီးခိုငွေ့ များ မသေသေးဘဲ ဈေးတခုလုံး လောင်ကျွမ်းသွားပြီး ဈေးအတွင်းမှ ပစ္စည်းများ သယ်ယူသည့်

ဈေးသူဈေးသား အများအပြား ဒဏ်ရာရခဲ့သည်ဟု ယင်းမော်လမြိုင် မြို့ခံများက ပြောသည်။

“တချို့ဆိုရင် သူတို့ပစ္စည်းတွေ မီးထဲပါသွားတာ ဘာမှ မရတော့ဘူး၊ သူတို့ကို ကူညီကြပါဦးလို့ အော်သူက အော်၊ တချို့ ငိုတဲ့သူက ငိုရင်း မူးမေ့လဲတဲ့ သူတွေတောင် ရှိတယ်”ဟု မြို့ခံတဦးက ပြောပြသည်။

မော်လမြိုင် ပြည်သူ့ဆေးရုံကြီး တွင်လည်း မီးလောင်ဒဏ်ရာ ရသူများသောကြောင့် ကုသပေးနေသည့် သူနာပြုများပင် မနိုင်သည့် အတွက် ၎င်း၏ ဆေးခန်းမှ သူနာပြု ၂ ဦး သွားရောက် ကူညီနေရကြောင်း မော်လမြိုင်မြို့မှ ကိုယ်ပိုင် ဆေးခန်း ဖွင့်ထားသော ဆရာဝန် တဦးက ပြောသည်။
မီးစတင် လောင်ကျွမ်းသည့် အချိန်တွင် ရဲ တပ်ဖွဲ့က ဈေးသူ ဈေးသားများအား ဈေးအတွင်း ၀င်ရောက်၍ ပစ္စည်းများကို သယ်ယူခွင့် မပေးဘဲ ၎င်းတို့ မထိန်းနိုင်သည့် အချိန်တွင်မှ ခွင့်ပြုခဲ့သောကြောင့် ဒဏ်ရာရသူ များပြားရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ခန့်မှစပြီး မီးစတင် လောင်ကျွမ်းခဲ့ရာ ည ၁၁ နာရီအချိန်ခန့်တွင် မီးစွယ်ကျိုးသွား သော်လည်း ဒီဇင်ဘာ၂ ရက်နေ့ မနက်ပိုင်း အထိ လောင်ကျွမ်း ခဲ့ကြောင်း မော်လမြိုင်မြို့ အောက်လမ်းကြီး ဈေးကြို အဝေးပြေး ကားဂိတ်ဝင်းရှိ ရန်ကုန်-မော်လမြိုင် ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းမှ လက်မှတ်ရောင်း တဦးက ရှင်းပြသည်။

“တညလုံး လောင်တာ။ မီးသတ် ကားတွေ အနီးအနား ပြည်နယ် တွေဆီကတောင် လာတယ်၊ ပေါင်မြို့က မီးသတ်ကား တွေတောင် လာတယ်၊ ကျိုက်ထို၊ မုဒုံ၊ သိမ်ဖြူဇရပ် ပတ်ဝန်းကျင် မြို့တွေကလည်း မီးသတ်ကားတွေ ရောက်တယ်၊ မီးကတော့ တညလုံးကို လောင်တာ၊ ခုထက်ထိလည်း တငွေ့ငွေ့နဲ့ လောင်နေတုန်း”ဟု မော်လမြိုင် ကမ်းနား လမ်းနေ ဒေသခံ တဦးက ပြောသည်။

မီးလောင်ကျွမ်းခံရသည့် ဈေးဆိုင်များတွင် အ၀တ်အထည် ဆိုင်များ၊ ဆေးဆိုင်များ၊ တီဗွီ၊ ရေခဲသေတ္တာ အစရှိသည့် အီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်များ၊ လူသုံးကုန် ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ အပါအ၀င် ဆိုင်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်း၊ ဈေးပိတ်ချိန်တွင် စတင်လောင်ကျွမ်းခြင်း ဖြစ်သည့် အတွက် လူအသေ အပျောက် မရှိကြောင်း သိရှိရသည်။

“ဘာမှကို ပြန်မရတော့ဘူး၊ အားလုံး ကုန်သွားတာ”ဟု မီးလောင်ကျွမ်း ခံရသည့် ဆေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်း မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ထောင်ချီရှိနိုင်ကြောင်း မော်လမြိုင်မြို့ခံ များ၏ အဆိုအရ သိရှိရသည်။


ဧရာဝတီသတင်းမှ

Wednesday, November 26, 2008

26/11/08
10 pm
India နိုင်ငံ Mumbai မြို့မှ ပေါက်ကွဲမှု

ယမန်နေည ၁၀နာရီဝန်းကျင်လောက်မှာ Mumbai မြို့ ရှိ Victory Terminals မီးရထားဘူတာရုံမှာ အကြမ်း ဖက်သေနတ်သမား နှစ်ဦး ၀င်ရောက်ပြီး သေနတ်အပါအ၀င် လက်ပစ်ဗုံးများနှင့် ပစ်ခတ်သွားခဲ့ပါသည်။
Gate way of India နှင့် မျက်နှာချင်းဆိုင်ရှိ Taj Mahal Hotel မှာ လည်း အကြမ်းဖက်သမားများ ၀င်ရောက် ပြီး
ခြောက်နေရာလောက်ကို ဖောက်ခွဲပစ်ခဲ့ကြပါသည်။ အခင်းဖြစ်ပွားစဉ် ရဲများရောက်ရှိလားပြီး အပြန်အလှန် ပစ် ခတ်မှု့အတွင်း ရဲခြောက်ယောက်ကျဆုံးသွားပြီး အကြမ်းဖက်သမားနှစ်ဦးကျဆုံးသွားကြောင်း နောက်ထပ်နှစ်ဦး Hotel အတွင်း ကျန်နေသေကြောင်း သတင်းရှိပါသည်။ ယခုချိန်ထိ သိရသလောက် ၇၈ ဦးသေဆုံးသွားပြီး ၂၀၀ ကျော်ဒဏ်ရကြောင်း သိရပါသည်။
၎င်းအကြမ်းဖက်မှု့ကို အမေရိကန် လက်ရှိ Prisedent W. Bush နှင့် ရွေးကောက်ခံ Prisedent Obama တို့က အပြင်းအထန် ရှုပ်ချခဲ့ကြောင်း ကြေငြောချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ မိမိ ပြည်သူများကို အကြမ်းဖက် အုပ် ချုပ်နေပြီး India အစိုးရနှင့် အလွမ်းသင့်နေသည့် ဗမာပြည်စစ်အစိုးရကမူ ၄င်းCase နှင့်ပတ်သက်ပြီး တစုံတ ထုတ်ပြန်ကြောင်း မကြားသိရပေ။

Tuesday, November 25, 2008

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမှုများတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့သော မြန်မာရှေ့နေ ၂ ဦးအား စစ်အစိုးရက အရမ်းကာရော ထောင်ဒဏ်ချခြင်းကို ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တခုက ပြစ်တင်ရှုတ်ချလိုက်ပြီး၊ ချက်ချင်း လွှတ်ပေးရန်လည်း တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။

ပြီးခဲ့သောနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီး ရုံးတင်ခံရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမှုသည်များကိုယ်စား တရားရုံးတွင် လိုက်ပါဆောင်ရွက်သောကြောင့် ထောင်ဒဏ်ချခံရသော တရားရုံးချုပ် ရှေ့နေများ ဖြစ်ကြသည့် ဦးခင်မောင်ရှိန်နှင့် ဦးအောင်သိန်းတို့ကို လွှတ်ပေးရန် အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် အတိုင်ပင်ခံ အစည်းအဝေးအတွင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

"တရားရုံးချုပ်ရှေ့နေ ၂ ဦးကို ထောင်ဒဏ်အပြစ်ပေးခြင်းသည် အရမ်းကာရော ထင်ရာမြင်ရာ လုပ်ရပ်ဖြစ်သည်ဟု ယူဆရမည်။ ယခုအစည်းအဝေး တက်ရောက်နေသော ဂျူရီလူကြီးများ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များက ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုအပ်ပါသည်" ဟု ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် AHRC က ပြောသည်။

တရားစီရင်ရေးကို မယုံကြည်သဖြင့် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်တော့ကြောင်း အမှုသည်များ၏ တင်ပြချက်ကို အမှုသည်များကိုယ်စား လျှောက်ထားတင်ပြခဲ့ပြီးနောက် တရားရုံးချုပ်ရှေ့နေ သူတို့ကို ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးက အောက်တိုဘာလ ၆ ရက်နေ့တွင် တရားရုံးကို မထေမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၄ လစီ အပြစ်ပေးခဲ့သည်။

သူတို့သည် မြန်မာနိုင်ငံမှ လုပ်သက်နှင့် အတွေ့အကြုံ နှစ်ပေါင်း ၂ဝ ကျော်ရှိသော ရှေ့နေကြီးများဖြစ်ကြပြီး၊ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများနှင့် စပ်လျဉ်း၍ ဖမ်းဆီး တရားစွဲဆိုခြင်း ခံရသော အမှုများတွင် တရားခံများဘက်မှ အကျိုးဆောင်ပေးသူများ ဖြစ်သည်။ ဤအမှုသည်များထဲတွင် အမှု ၅ မှုခွဲ၍ တရားစွဲဆိုခံရသော ကိုထွန်းထွန်းဦး၊ ကိုမောင်မောင်လတ်၊ ကိုအောင်ကျော်မိုးနှင့် မထားထားသက်တို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် စစ်အစိုးရ၏ ခြယ်လှယ်ခြင်းကို ခံနေရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်နေသည်။ သာမန်ရာဇဝတ်မှုများမှာမူ လာဘ်ထိုးရုံဖြင့် အလွယ်တကူ လွတ်မြောက်နိုင်သည်ဟု AHRC ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းလွင်က ပြောသည်။

"အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တရားစီရင်ရေးစနစ်က ရာဇဝတ်မှုတွေဆိုရင် ငွေနဲ့ လိုက်လို့ရတယ်။ နိုင်ငံရေးမှုတွေကျတော့ ဘာမှညှာတာတာ မရှိဘူး။ ပြစ်ဒဏ်အကြီးကြီးတွေ ပေးလိုက်တာပဲ" ဟု AHRC အတိုင်ပင်ခံ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့သူ ဦးမင်းလွင်က ပြောသည်။

ဤသို့ ထောင်ဒဏ်ချမှတ်ခြင်းခံရသော မြန်မာရှေ့နေများကို လွှတ်ပေးရန် တောင်းဆိုပြီး၊ မြန်မာစစ်အစိုးရကို ဝေဖန်ခဲ့သည့် AHRC ၏ အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ဟောင်ကောင်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထို ၄ ကြိမ်မြောက် ဥပဒေစိုးမိုးရေးဆိုင်ရာ အာရှပဋိညာဉ်စာချုပ် ဒေသဆိုင်ရာ အတိုင်ပင်ခံ အစည်းအဝေးသို့ ဂျူရီလူကြီးများ၊ ရှေ့နေများနှင့် ဥပဒေပညာရှင်များ စုဝေး တက်ရောက်ခဲ့ကြသည်။

"ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အမှုတွေ စစ်ဆေးရာမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပြဋ္ဌာန်းချက်တွေကို လုံးဝ ဘေးချိတ်ပြီး တရားခံတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို မပေးဘဲ ထားခဲ့တာတွေကို ကြားသိခဲ့ရပါတယ်။ တရားရုံးတွေရဲ့ စီရင်ဆုံးဖြတ်ချက်တွေဟာလည်း နိုင်ငံရေး အကျိုးစီးပွားအပေါ် အခြေခံပြီး၊ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း မညီကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်" ဟု AHRC က ပြောသည်။
mizzima သတင်းမှ ကူးယူသည်
ချင်းပြည်နယ် ဟားခါး မြို့ရှိ ဘုရားကျောင်း တကျောင်း မီးလောင်
ဘ၀ပေါင်းများစွာ ရင်းခဲ့ကြလည်းမျှော်လင့်ခြင်းနှင့် တိုက်ပွဲဆက်မယ်

Monday, November 24, 2008

လူတိုင်းလိုလိုက အတိတ်ကို မေ့ပြစ်ချင်ကြတယ်
ဒါပေ့မယ့် မေ့လည်းမမေ့နိုင်ကြဘူး
ကျွန်တော်ကတော့
အချစ်မရှိတဲ့ အတိတ်ကို မေ့ပြစ်ချင်တယ်
အချစ်များစွာနဲ အနာဂတ်ကို ခရီးဆက်မယ်
လမ်းကြုံ တဲ့လူတိုင်းကိုတော့ မခေါ်နိုင်ဘူး
လမ်းဆုံးရင် ပြစ်ပြေးသွားမှာ ကြောက်ရတယ်
စိတ်ဝင်စားရင် ဆက်သွယ်ကြည့်လေ။

Thursday, November 20, 2008

စိုး

ရင်မှာ အစဉ်
ကြင်နာသမျှ
လှစ်ကာပြချင်လည်း
ကြင်သူရွှေနား
အ၀င်ခါးရင်
အချစ်မပွား
အမုန်းပွားမှာ
စိုးထိတ်တယ်။

Tuesday, November 18, 2008

ဗမာပြည်ရဲ့ ဗိုလ်ချုပ်
တိုင်းပြည်ကို
အုပ်ချုပ် မင်းလုပ်နေတဲ့
ယခုဗိုလ်ချုပ်တွေလို
ကိုယ့်ကိုကိုယ် ရာထူးမပေး
လူထု ဆီက အာဏာမသိမ်း
လူထုကို မခြိမ်းချောက်
လူထု စည်းစိမ်ကို မလု
ရတာလေးနဲ့ရောင်ရဲ
ဘ၀မှာ ကိုယ်ကြိုးထက်
တိုင်းပြည် အကြိုး
ပိုပြီး ဦးစားပေးခဲ့
အသက်ကို
တိုင်းပြည်ပုံအပ် စွန့် လွှတ်
တကယ့်အာဇာနည်
ဗိုလ်ချုပ် တို့ တိုင်းပြည်မှာ
တကယ်ရှိ
နအဖ အာဏာရှင်တွေ
ကိုယ့်ကိုကိုယ် မရှက်
ကိုယ့်ကိုကိုယ် အာဏာပေး
နောက်ဆုံးတချိန်
ဒီလိုအဏာရှင်တွေ
ပြည်သူမပြောနဲ့ 
လမ်းဘေး ခွေးလေ့ခွေးလွှင့်
ဟောင်ရမှာတောင် ရှက်လိမ့်။
နံဘေးက သိပ်ပြီးလှတဲ့
ကောင်မလေး
လှပေမယ့်လည်း နောက်ကျသွားပြီ၊
အဖြစ်ရယ် ဆိုးလှပ
ဟစ်လိုသာ ငိုလိုက်ချင်တော့တယ်၊
ကလေးရယ် မင်းလေးမသိလိုပါကွယ်
ကိုယ့်ရင်ထဲမှာ ကလေးကြောင့်
မီးတွေလောင် နေတယ်
မယုံရင် တခါလောက်
ဝင်ကြည့်လှည့်ပါ လို
ခေါ်ဖိတ်ပိုင်ခွင့် မရှိလည်း
အကြိမ်ကြိမ် ကြိုးစား မိပေါ့
အသက်ရယ်.....

Monday, November 17, 2008


သာယာတဲ့တောတောင် သဘာဝကိုမြင့်ရတိုင်း
လွမ်းမိတယ် အမိမြေ။
ဟစ်တလာ ထက်ဆိုးတဲ့ စစ်တပ်ကို အောင်နိုင်မှ ပြန်ခဲ့မယ် အချစ်ရယ်။
ဖြစ်နိုင်ရင် အိမ်ဘေးကချောင်းကလေး နံဘေးမှာ အချစ်နှင့်အတူ အတိတ်ကို ပြန်ပြောင်း သတိရချင်တယ်။