Saturday, November 28, 2009

နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ

အောင်ဇံ


အန်အယ်လ်ဒီဟာ မကြာသေးခင်ကာလမှာ ရွှေဂုံတိုင်ကြေညာချက်အဖြစ်နဲ့ နိုင်ငံရေးသဘောထား၊ နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ အဓိက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၂၀၀၈ ခုနှစ်မှာ တဖက်သတ် ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့၊ နောက် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတကာ ကြပ်မတ်မှုတွေအောက်မှာကျင်းပဖို့ ဆိုတဲ့အချက်တွေ တောင်းဆိုပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စီအာပီပီအဖွဲ့ဝင် တိုင်းရင်းသားပါတီများဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ ပါတီတွေကလည်း သူတို့သဘောထားတွေကို အသီးသီး ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒီသဘောထား တွေကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲပေးဖို့၊ အထူးသဖြင့် ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေး တွေကို ထည့်သွင်းပြဋ္ဌာန်းပေးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအဖြစ် ပြင်ဆင်ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အကယ်၍ ပြင်ဆင်မပေးဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ သဘောထားထုတ်ပြန်ပြီးသားဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ စီအာပီပီရဲ့ ရပ်တည်ချက်လို့ပဲပြောပြော၊ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီများရဲ့ ရပ်တည်ချက်လို့ပဲဆိုဆို ဒီနေ့ နိုင်ငံရေးရပ်တည်ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ၂၀၀၈ ခုနှစ်မှာ နအဖက တဖက်သတ် ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျတဲ့ မူလည်းဖြစ်သလို လောလောဆယ်မှာရော၊ ကာလအတိုင်းအတာတခုအထိရော ဆုပ်ကိုင်ရပ်တည်ထားရမယ့် မူလည်းဖြစ်ပါတယ်။ ဒီတော့ အခု ဒီမူတွေရှိနေရုံနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ ဒီမူတွေအပေါ် ရပ်တည်ပြီးတော့ နိုင်ငံရေးအရ ရှေ့ကို ကျနော်တို့ ဘယ်လိုအခြေခံသွားမလဲ၊ ဒီမူတွေကို အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေဟာ အရေးကြီးသလို ဒီမူတွေကို အခိုင်အမာ ရပ်တည်ဆုပ်ကိုင်ဖို့၊ အလွယ်တကူမစွန့်လွှတ်မိဖို့လည်း အရေးကြီးပါတယ်။

ဒီနေရာမှာ မူကို အလွယ်တကူ မစွန့်လွှတ်ရေးဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ နေရာတကာမှာ တရားသေ မဖြစ်သင့်၊ ပြောင်းလွယ်၊ ပြင်လွယ်ရှိရမယ်၊ Flexible ဖြစ်ရမယ်။ သို့သော် မူမဲ့ အခြေခံမဲ့ ပြောင်းတာမျိုး၊ မလိုအပ်ဘဲနဲ့ မူကို စွန့်တာမျိုးတွေကိုတော့ ရှောင်ဖို့လိုပါတယ်။ အကယ်၍ နအဖ အာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးလို့ အမျိုးသားရေးလုပ်ငန်းစဉ်တရပ်ကို ရပြီ၊ ဒီလုပ်ငန်းစဉ်ဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အနာဂတ်မှာ အကျိုးလည်းရှိပြီး သင့်မြတ်တဲ့ လုပ်ငန်းစဉ်တရပ်လည်းဖြစ်တယ် ဆိုရင်တော့ မလိုအပ်ဘဲ ဆုပ်ကိုင်ထားတဲ့ မူတွေကို စွန့်သင့်ရင် စွန့်ရမှာပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ နိုင်ငံရေးအခြေအနေအပြောင်းအလဲမရှိ ထူးခြားမှုမရှိဘဲနဲ့ မူတွေကို အလွယ်တကူ စွန့်လွှတ်တာမျိုးတွေတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဥပမာတခု တင်ပြပါရစေ။ န၀တ အစိုးရက အပစ်အခတ်ရပ်စဲရေး စတင်ကမ်းလှမ်းခဲ့စဉ်က တိုင်းရင်းသားတပ်ပေါင်းစုမှာ ချမှတ်ထားတဲ့ မူတခုရှိပါတယ်။ အဲဒါက န၀တ အာဏာပိုင်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့အခါကျရင် တပ်ပေါင်းစုအနေနဲ့ပဲတွေ့မယ်၊ တိုင်းရင်းသားပါတီများအနေနဲ့ တပါတီချင်း သီးခြားမတွေ့ဖို့ ဆိုပြီး တပ်ပေါင်းစုက မူတခုအနေနဲ့ ချမှတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ အဲဒီမှာ န၀တ အာဏာပိုင်များဘက်ကလည်း တပ်ပေါင်းစုအနေနဲ့ဆိုရင် မတွေ့နိုင်ဘူး၊ တပါတီချင်းသာလျှင် သီးခြားစီတွေ့ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုက တပ်ပေါင်းစုက ချမှတ်ထားတဲ့ မူကို ချိုးဖောက်စွန့်လွှတ်ပြီးတော့ န၀တနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီလိုမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်ပေါင်းစုတခုမှာ အားလုံးသဘောတူပြီးချထားတဲ့ မူတခုကို တဖွဲ့တပါတီက ချိုးဖောက်ပြီးတော့ လုပ်တာမျိုးဟာ မူအားဖြင့်သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းအရသော်လည်းကောင်း မသင့်လျော်ဘူးလို့ မြင်ပါတယ်။ အကယ်၍ ငြိမ်းချမ်းရေးရယူဖို့ တပါတီချင်း မဖြစ်မနေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်ဆိုရင်တောင် တပ်ပေါင်းစုအစည်းအဝေးကို ပြန်လည်ခေါ်ယူပြီးတော့ အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒသစ်ကို ချမှတ်ပြီး အဲဒီမူနဲ့အညီဘဲ လိုက်နာဆောင်ရွက်သင့်ပါတယ်။

ဒါကြောင့်မို့လို့ စီအာပီပီမှာပဲဖြစ်ဖြစ်၊ အန်အယ်လ်ဒီမှာပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီမှာပဲဖြစ်ဖြစ် ရပ်တည်ကိုင်စွဲထားတဲ့ မူတွေ၊ သဘောထားတွေရှိတယ်။ ဒီမူတွေကိုလည်း ပြင်လွယ်၊ ပြောင်းလွယ်၊ ဖြစ်ဖို့လိုပေမယ့် အကြောင်းမဲ့၊ အကျိုးမဲ့ မလိုအပ်ဘဲ မူကို စွန့်သွားတာမျိုးတွေ မဖြစ်ဖို့လိုပါတယ်။ ဒါကို ဘာကြောင့်ပြောရသလဲဆို ဒီကနေ့ကာလဟာ အလွန်အရေးကြီးတဲ့ ကာလတခုရောက်နေပါပြီ။ အခုအချိန်မှာ အထူးသဖြင့် နိုင်ငံရေးအရ ပြောရမယ်ဆိုရင် ဦးဆောင်ပါတီလို့ပဲပြောပြော မြန်မာပြည်နိုင်ငံရေးရဲ့ Mainstream အဓိကပင်မရေစီးဖြစ်တဲ့ အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ဟာ အလွန်အရေးကြီးပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးအလှည့်အပြောင်း၊ နိုင်ငံရေးအကွေ့အလှည့်တွေဟာ မြန်မာပြည်ရှေ့နိုင်ငံရေးအတွက် အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီပါတီဟာ တတိုင်းပြည်လုံးကို လွှမ်းခြုံထားတဲ့ ပါတီတခုဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တခဲနက် ထောက်ခံမှုရထားတဲ့ ပါတီလည်းဖြစ်လို့ပါပဲ။

အခုဆိုရင် ကိုးကန့်ပါတီရဲ့အခြေအနေ၊ ၀ ပါတီရဲ့အနေအထား၊ နောက် ကချင်ပါတီရဲ့အခြေအနေတွေကို ကြားသိနေရပါတယ်။ ဒီပါတီတွေရဲ့ နိုင်ငံရေးအလှည့်အပြောင်း၊ ရပ်တည်ချက်တွေဟာ မြန်မာပြည်နိုင်ငံရေးမှာ အတိုင်းအတာတခုအထိ အရေးပါတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့တွေဟာ မြန်မာပြည်တခုလုံးရဲ့ နိုင်ငံရေးအတိုင်းအတာနဲ့ နှိုင်းစာမယ်ဆိုရင် အစိတ်အပိုင်းတခုသာဖြစ်တာကြောင့် သူတို့ရဲ့အလှည့်အပြောင်းဟာ မြန်မာပြည်နိုင်ငံရေးမှာ အတိုင်းအတာတခုအထိသာ သက်ရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးအလှည့်အပြောင်း အကွေ့အလှည့်ကတော့ မြန်မာပြည်ရဲ့ ရှေ့ဆက်ရမယ့် နိုင်ငံရေးဘ၀တခုလုံးကို သက်ရောက်နိုင်တဲ့ အနေအထားတွေရှိပါတယ်။

ဒါကြောင့်မို့လို့ မြန်မာပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းအတွက် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးသဘောထားနဲ့ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံ့ရှေ့ရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒီနေ့ကာလမှာ ရွှေဂုံတိုင်ကြေညာချက်အတိုင်း အန်အယ်လ်ဒီက ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် ရပ်တည်နေပါတယ်။ အခုအချိန်မှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူးဆိုတာ ယတိပြတ်မပြောသေးပေမယ့် ရှေ့မကြာတော့မယ့် ကာလ၊ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ဥပဒေတွေ ထွက်လာတဲ့ အချိန်ကျရင် ပြည်သူတွေနဲ့ နိုင်ငံတကာကို ထုတ်ဖော်ပြောရတော့မှာဖြစ်ပါတယ်။

အဲလိုပြောတဲ့နေရာမှာ အန်အယ်လ်ဒီရဲ့ ပြောဆိုထုတ်ပြန် ရပ်တည်ချက်ဟာ ပြတ်သားဖို့လိုသလို မှန်မှန်ကန်ကန် ပြောဆိုရပ်တည်ဖို့လည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီဟာ မြန်မာပြည်နိုင်ငံရေးရဲ့ Mainstream ပင်မရေစီးလည်းဖြစ်တယ်၊ ဒီမိုကရေစီတပ်ဦးလည်းဖြစ်တယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုရထားတဲ့ ပါတီလည်းဖြစ်တဲ့အတွက်ကြောင့် အန်အယ်လ်ဒီရဲ့ ရှေ့ဆက်မယ့် နိုင်ငံရေးသဘောထားရပ်တည်ချက်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့လို့ အန်အယ်လ်ဒီရဲ့ နိုင်ငံရေးသဘောထားရပ်တည်ချက်နဲ့ ပတ်သက်လို့ မူရှိနေရုံနဲ့မပြီးဘဲ အဲဒီမူကို အခြေခံပြီး ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တရပ်ကိုချမှတ်၊ အဲဒီဆုံးဖြတ်ချက်အတိုင်း မယိမ်းမယိုင် ရပ်တည်သွားဖို့ လိုပါတယ်။

နိုင်ငံရေးပါတီများရဲ့ ဖြတ်သန်းခဲ့တဲ့ ခရီးတလျှောက်မှာ ကျနော်တို့ မစွန့်ချင်ဘဲနဲ့ မူကို စွန့်ခဲ့ရတာတွေ ရှိပါတယ်။ ဒီနေရာမှာ ၉၀ ရွေးကောက်ပွဲကနေ စပြီးတော့ ပြောပါရစေ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူပဲ တိုင်းရင်းသားပါတီတချို့ဟာလည်း သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှာ ထိုက်သင့်သလောက် အနိုင်ရခဲ့ကြပါတယ်။

ဒါက ဘာကိုပြသလဲဆိုရင် ပြည်သူတွေဟာ (၂၆) နှစ်လုံးလုံး တပါတီအာဏာရှင်စနစ်အောက်မှာ လူ့အခွင့်အရေးတွေ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးပြီးတော့ လွတ်လပ်မှုမရှိ၊ ပြောခွင့်ဆိုခွင့်မရ၊ ဖိနှိပ်မှုတွေကို ကြိမ်မီးအုံးလို ခံခဲ့ရတယ်။ အဲဒီလို ခံခဲ့ရရုံသာမကဘဲ တိုင်းပြည်မွဲပြာကျပြီးတော့ ပြည်သူတွေဟာလည်း အတိဒုက္ခတွေ အမျိုးမျိုး ရောက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ၈၈ မှာ ဒီတပါတီအာဏာရှင်စနစ်ကို တွန်းလှန်ပြီးတဲ့အခါမှာ အန်အယ်လ်ဒီပါတီရယ်လို့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီ အန်အယ်လ်ဒီဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်၊ စစ်အာဏာစနစ်အောက်က လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက အန်အယ်လ်ဒီကို ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားပါတီတွေကို ပြည်နယ်တွေမှာ မဲပေးခဲ့တာကလည်းပဲ လွတ်လပ်ရေးရပြီး အနှစ်ငါးဆယ်လောက်သက်တမ်းမှာ တိုင်းရင်းသားတွေဟာ သူတို့ဆုံးရှုံးခဲ့ရတဲ့ မွေးရာပါ အခွင့်အရေးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေကို ဒီတိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ဖော်ဆောင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဲဒီတိုင်းရင်းသားပါတီတွေကို မဲပေးခဲ့တာဖြစ်ပါတယ်။

ဒီတော့ ၉၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ အဲဒီပါတီတွေကို ပြည်သူတွေက ထောက်ခံဆန္ဒမဲတွေ ပေးခဲ့တာကို ကောက်ချက်ချလိုက်မယ်ဆိုရင် အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ဖို့နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးတွေ ထွန်းကားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို ထူထောင်ပေးဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မဲပေးခဲ့ကြတာပါ။ ထို့အတူ တိုင်းရင်းသားပါတီတွေကိုလည်း တိုင်းရင်းသားတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပြီး မဲပေးခဲ့ကြတာပါ။ အကယ်၍ အန်အယ်လ်ဒီကသာ အနိုင်ရပါတီအနေနဲ့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လွှတ်တော်ခေါ်ပြီးတော့ အုပ်ချုပ်ရေးအာဏာတွေကို ရယူခဲ့မယ်ဆိုရင် အခုလို အနှစ် (၂၀) ကာလမှာ ရွေးကောက်ပွဲ လေးကြိမ်ငါးကြိမ်လောက်လုပ်ပြီးတော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရော ပြည်သူတွေပါ ဒီမိုကရေစီ အလေ့အကျင့်နဲ့ အတွေ့အကြုံတွေ ရင့်ကျက်လာပြီးတော့ တိုင်းပြည်ဟာလည်း ဘယ်နည်းနဲ့မဆို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံမဟုတ်တောင် အတော်အတန် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်။

ထို့အတူပဲ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ နှီးနှောပြီးတော့ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲပြီး စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ကို ဖော်ဆောင်ခဲ့မယ်ဆိုရင် အခု ၂၀၀၈ ဖွဲ့စည်းပုံထက် အများကြီးသာတဲ့၊ ပြီးတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ကာကွယ် စောင့်ရှောက်ပေးနိုင်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်ထောင်စုစနစ်တရပ်ကို ဖော်ဆောင်နိုင်လိမ့်မယ်ဆိုတာ ကျနော် လုံးဝယုံကြည်ပါတယ်။

ဒါပေမယ့် အခု ကံအကြာင်းမလှလို့ပဲ ဆိုရမလား၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်တာနဲ့ စစ်အစိုးရဟာ အန်အယ်လ်ဒီကို အာဏာလွှဲပြောင်းပေးဖို့ တွန့်ဆုတ်သွားခဲ့ပြီး နောက်ပိုင်းမှာ အာဏာလွှဲပြောင်းရေးနဲ့ လွှတ်တော်ခေါ်ယူရေးကို မပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြံဖန်ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အကယ်၍ တစညသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ အာဏာလွှဲပြောင်းကောင်း လွှဲပြောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ ယခင့်ယခင်ကတည်းက တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီး တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် ခြယ်လှယ်လိုတဲ့ဆန္ဒ ရှိခဲ့ပါတယ်။ အဲဒီဆန္ဒကြောင့်ပဲ ရွေးကောက်ပွဲကို မလွဲမရှောင်သာ လုပ်ပေးခဲ့ရသည့်တိုင် တစညပါတီ အနိုင်ရအောင် ပြုလုပ်ပြီး တစညပါတီကတဆင့် တိုင်းပြည်ကို ဆက်လက်စိုးမိုးအုပ်ချုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

တစညပါတီဟာ တချိန်တုန်းက လမ်းစဉ်ပါတီက ပြောင်းလဲလာတဲ့ ပါတီဖြစ်ပါတယ်။ လမ်းစဉ်ပါတီမှာ ရှိနေကြတဲ့ ခေါင်းဆောင်တွေဆိုတာကလည်း တပ်က ပြောင်းလဲလာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အကယ်၍ လမ်းစဉ်ပါတီတဖြစ်လဲ တစညပါတီသာ အာဏာရမယ်ဆိုရင် အဲဒီတပ်မတော်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးဆန္ဒကို သွယ်ဝိုက်တဲ့နည်းနဲ့ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် တစညအနိုင်ရရင်တော့ စစ်အစိုးရဟာ အာဏာလွှဲပြောင်းကောင်း လွှဲပြောင်းမှာဖြစ်ပေမယ့် ၁၉၉၀ ရွေးကောက်ပွဲမှာ တစညပါတီ မရှုမလှ အရေးနိမ့်ပြီး အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရလိုက်တဲ့ အချိန်ကစပြီးတော့ စစ်အစိုးရဟာ အာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ဆန္ဒ လုံးဝမရှိတော့ဘူးဆိုတာကို တွေ့ရပါတယ်။

ဒါတွေကို အထင်သက်သက်နဲ့ပြောတာ မဟုတ်ပါဘူး။ အထောက်အထား အချက်အလက်တွေနဲ့ ပြောတာပါ။ ၁/၉၀ ကြေညာချက်ကို ထုတ်ပြန်လိုက်တာနဲ့ ဒါဟာ သိသာပါတယ်။ အဲဒီကြေညာချက်မှာ ၁၉၉၀ ရွေးကောက်ပွဲကြောင့် အာဏာသုံးရပ်ကို အလိုအလျောက် မရနိုင်ဘူးလို့ ငြင်းပယ်ထားပါတယ်။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာဆိုတဲ့ အာဏာသုံးရပ်ကို ၉၀ ရွေးကောက်ပွဲကြောင့် အလိုအလျောက် မရနိုင်ဘူးလို့ ငြင်းပယ်လိုက်တာပါပဲ။ အဲလိုငြင်းပယ်လိုက်တာဟာ တနည်းနည်းနဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အန်အယ်လ်ဒီကို အာဏာလွှဲပြောင်းမပေးနိုင်ဘူးလို့ ငြင်းလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီတုန်းက ၁/ ၉၀ ကို အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီတွေက သဘောတူလက်ခံခဲ့ကြသလား ဆိုတော့ လက်မခံကြပါဘူး။ လက်မခံပေမယ့်လည်း ၁/၉၀ ကို အမိန့်အာဏာကဲ့သို့ ထုတ်ပြန်ခဲ့တာကြောင့် အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီတွေဟာ မကြိုက်ပေမယ့် သဘောတူလက်မှတ်ထိုးခဲ့ရပါတယ်။ အဲလို သဘောတူလက်မှတ်ထိုးခဲ့တာဟာ အဲဒီနိုင်ငံရေးပါတီတွေအနေနဲ့ အာဏာလွှဲပြောင်းရေးကို စွန့်လွှတ်ခဲ့တဲ့သဘောပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၁/၉၀ ကို ပြန်သုံးသပ်လိုက်တဲ့အခါမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မျှော်လင့်ချက် နှစ်ချက်ရှိပါတယ်။ တချက်က ဘာလဲဆိုလို့ရှိရင် အဲဒီ ၁/၉၀ ကြေညာချက် အပိုဒ် (၁၂) မှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃ မှာဖော်ပြထားတဲ့ “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ကိုးကားပြီး န၀တအနေနဲ့ လွှတ်တော်ခေါ်ယူပေးမယ်လို့ အတည်ပြုဖော်ပြခဲ့တဲ့အချက်ပါ။ နောက်တချက်က လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချက်နှစ်ချက်ကို ကြည့်ပြီးတော့ အာဏာလွှဲပြောင်းမပေးသည့်တိုင် လွှတ်တော်ခေါ်ပေးရင် လွှတ်တော်မှာ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် အမျိုးသားရေးလုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မယ်၊ ဖွဲ့စည်းပုံအသစ်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များနဲ့ ရေးဆွဲနိုင်မယ်လို့ မျှော်လင့်ပြီးတော့ စိတ်သက်သာရာရခဲ့ကြပါတယ်။ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဖွဲ့စည်းပုံကို ရေးဆွဲခွင့်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စိတ်သက်သာရာရခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာကျတော့ လွှတ်တော်ခေါ်ပေးဖို့အစား စစ်အစိုးရဟာ အမျိုးသားညီလာခံဆိုတာကိုသာ ခေါ်ယူကျင်းပဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တကယ်တော့ ဒီအမျိုးသားညီလာခံဆိုတာကို ခေါ်ယူကျင်းပလိုက်တာဟာ လွှတ်တော်ခေါ်ယူရေးကို ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီမှာ နိုင်ငံရေးပါတီတွေက ညီလာခံတက်ရေး မတက်ရေးဆိုတာ ဖြစ်လာကြပါတယ်။ တချို့ကလည်းပဲ အဲဒီညီလာခံမှာ တိုင်းပြည်ရဲ့အမျိုးသားရေးကိစ္စတွေကို ဆွေးနွေးနိုင်လိမ့်မယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရေးဆွဲနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားခဲ့ကြပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဖွဲ့စည်းပုံအခြေခဥပဒေထဲမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် သတ်သတ်မှတ်မှတ် ထည့်သွင်းဖော်ဆောင်ရေးအတွက် အမျိုးသားညီလာခံကို မဖြစ်မနေ တက်ရောက်ဆွေးနွေးရမယ်ဆိုတဲ့ သဘောထားဆန္ဒတွေ ရှိခဲ့ကြပါတယ်။

အဲဒီလိုနဲ့ အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသားပါတီတွေ အမျိုးသားညီလာခံကို တက်ခဲ့ကြတာဟာ တနည်းပြောရမယ်ဆိုရင် လွှတ်တော်ခေါ်ယူရေးကို စွန့်တယ်လို့ မပြောပေမယ့် လက်တွေ့မှာ စွန့်ခဲ့ကြတဲ့သဘောပဲ ဖြစ်ပါတယ်။ ညီလာခံမှာလည်း နိုင်ငံရေးပါတီတွေ မူလက မျှော်လင့်သလို၊ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်သည် ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမည် ဆိုတဲ့ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့အပိုဒ်တွေကို ဆွေးနွေးညှိနှိုင်း ပြောင်းလဲလို့ မရခဲ့သလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး အခြေခံမူ ၁၀၄ ချက်ကိုလည်း အပြန်အလှန် ဆွေးနွေးညှိနှိုင်း ရတာမျိုးလည်းမဟုတ်၊ မိမိတို့ကိုယ်တိုင် သဘောမတူဘဲနဲ့လည်း လက်ခံခဲ့ရပါတယ်။

နောက်တခါ အမျိုးသားညီလာခံဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ မူတွေကိုသာ ချမှတ်ရမှာ ဖြစ်ပေမယ့် နအဖက သူကိုယ်တိုင်ရေးဆွဲထားတဲ့ အသေးစိတ် အချက်အလက်တွေကိုပါ ချပြရေးဆွဲခဲ့ပါတယ်။ ချပြရေးဆွဲတဲ့ နေရာမှာလည်းပဲ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့တင်ပြချက်တွေကို အလေးအနက်ထား ဆွေးနွေးခွင့်မရဘဲ န၀တ/နအဖ အာဏာပိုင်တွေ ရေးဆွဲပြီးသား အချက်အလက်တွေကိုသာ အတည်ပြုပြဋ္ဌာန်းခဲ့ရတာ ဖြစ်ပါတယ်။ ဥပမာ - တိုင်းရင်းသားပါတီ (၁၃) ပါတီက ပြည်ထောင်စုမူအတွက် တင်ပြခဲ့တဲ့ အချက်တွေကိုလည်းပဲ ညီလာခံမှာ ဆွေးတောင်မဆွေးနွေးဘဲ မှတ်တမ်းတင်ရုံတင်ပြီးတော့ ပယ်ချခဲ့ပါတယ်။ ဒါဟာ သာဓကတခုသာဖြစ်ပါတယ်။ ပြီးတော့ အမျိုးသားညီလာခံမှာဆွေးနွေးဖို့ အစုအဖွဲ့ (၈) ဖွဲ့ ဖွဲ့ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟာ အဲဒီအထဲမှာ အစုအဖွဲ့အနေနဲ့ တဖွဲ့သာဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲနိုင်သည်လို့ ၁/၉၀ မှာ ပြဋ္ဌာန်းထားပေမယ့် လက်တွေ့မှာတော့ တကယ်တမ်း နအဖက ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အချက်အလက်တွေကိုသာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူလက်ခံ အတည်ပြုပေးခဲ့ရတဲ့ အနေအထားမှာသာ ရှိခဲ့ရပါတယ်။ သဘောမတူလို့လည်း မရပါဘူး။ အစုအဖွဲ့အားဖြင့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တဖွဲ့၊ နိုင်ငံရေးပါတီက တဖွဲ့၊ နအဖက သူတို့အလိုကျ ခေါင်းခေါက်ရွေးထားတဲ့ အခြားအစုအဖွဲ့က (၆) ဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ခြောက်ဖွဲ့နှစ်ဖွဲ့၊ ခြောက်မဲ နှစ်မဲနဲ့ သူတို့သာ အမြဲတမ်း အသာစီးရနေအောင် စီမံထားတာလည်း ညီလာခံမှာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ မျှော်လင့်ခဲ့သလို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခွင့်ရှိတယ်ဆိုတဲ့ ၁/၉၀ အပိုဒ်ပါ အချက်ကိုပင်လျှင် ဆောင်ရွက်နိုင်ခွင့်မရှိတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတွေ ဖြတ်သန်းလာခဲ့တဲ့ခရီးမှာ ကျနော်တို့ရဲ့ အခြေခံမူတွေကို မစွန့်ချင်ဘဲ စွန့်ခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။

တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲပါ။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုတာ အာဏာသုံးရပ်ကိုပိုင်စိုးတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီလို အာဏာသုံးရပ်ကို ပိုင်စိုးတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီများ တောင်းဆိုတဲ့ အာဏာလွှဲပြောင်းပေးဖို့၊ ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုချက်ဟာလည်း မှန်ကန်တဲ့ တောင်းဆိုချက်၊ မှန်ကန်တဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ကျနော်တို့ မူလက ရပ်တည်တောင်းဆိုခဲ့တဲ့ အာဏာလွှဲပြောင်းရေး၊ လွှတ်တော်ခေါ်ယူရေး ဆိုတာတွေကို စွန့်လွှတ်ခဲ့ရပြီးတဲ့နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ရပ်တည်ချက် သဘောထားတွေကိုပဲ ကျနော်တို့ ကိုင်စွဲခဲ့ရပါတော့တယ်။

ဒီနေရာမှာ အန်အယ်လ်ဒီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ အန်အယ်လ်ဒီရဲ့  နိုင်ငံရေးမူ၊ နိုင်ငံရေးသဘောထား ရပ်တည်ချက်တွေဖြစ်သလို စီအာပီပီရဲ့မူ၊ စီအာပီပီရဲ့ ရပ်တည်ချက်လည်းဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားပါတီများရဲ့ သဘောထားနဲ့ ရပ်တည်ချက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီမှာ ဒီရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်(၃)ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့်အတူ အဓိကကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဟာ ကျနော်တို့ ကိုင်စွဲရမယ့် သဘောထားဖြစ်ပါတယ်၊ မူလည်းဖြစ်ပါတယ်။

အဲဒီတော့ ဒီမူကို ကျနော်တို့က ဒီနေ့အချိန်အခါမှာ ဆုပ်ကိုင်ရပ်တည်ကြပေမယ့် မကြာခင်ကာလမှာ နအဖအစိုးရက နိုင်ငံရေးထိုးစစ်တရပ် ဆင်လာဖို့ရှိနေပါတယ်။ အဲဒီထိုးစစ်အတွက်လည်း သူတို့ဘက်က ပြင်ဆင်မှုတွေ အခင်းအကျင်းတွေ လုပ်နေပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ပြုလုပ်နေတာဖြစ်တယ်။ အထူးသဖြင့် မကြာသေးခင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ နအဖရဲ့ ၀န်ကြီးချုပ်ကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံဖို့ တိုက်တွန်းပြောကြားခဲ့တာ တွေ့ရပါတယ်။ အဲဒါဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာပဲ ဖြစ်ပါတယ်။ မကြာတော့မယ့် ကာလမှာ နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲလိုကျင်းပတာဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုပြီး ၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲရပ်တည်ကြတဲ့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးအရ နောက်ဆုံးထိုးစစ်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။

အဲလိုအချိန်မှာ ကျနော်တို့က ဒီရွေးကောက်ပွဲအပေါ် ၀င်မယ်မ၀င်ဘူး ဆိုတာကို တိတိကျကျ ပြတ်ပြတ်သားသား ပြောဖို့ လိုလာပါတယ်။ အထူးသဖြင့် အန်အယ်လ်ဒီဟာ ဒီကိစ္စကို ပြတ်ပြတ်သားသား ပြောဖို့လိုပါတယ်။ အခုအချိန်အထိတော့ အန်အယ်လ်ဒီဟာ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်တည်နေဆဲပါ။ ဒါပေမယ့် နအဖကတော့ ကျနော်တို့ ရပ်တည်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ထဲက အရေးကြီးဆုံးအချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အခုအချိန်အထိ လိုက်လျောမယ့် အသွင်အပြင်လက္ခဏာဆိုလို့ တစိုးတစိမှ မမြင်တွေ့ရသေးပါဘူး။ အဲဒီတော့ အခုလိုအခြေအနေမျိုးမှာ ကျနော်တို့ ဘယ်လိုရပ်တည်ကြမလဲ။

တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက်၊ ဒီမိုကရေစီရေးဆောင်ရွက်ဖို့အတွက် ပါတီတည်ရှိနေဖို့လိုတယ်၊ ပါတီရှင်သန်ဖို့လိုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလံဖြူလေးထောင် (ပြည်သူတွေရဲ့ တကယ့်စစ်မှန်တဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီး) ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို စွန့်လွှတ်စတေးပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မှာလား၊ ဒါမှမဟုတ် ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ မူတွေကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီးတော့ နောက်ဆုံး ခံစစ်ကြောင်းမှာပဲ ပြတ်ပြတ်သားသား ရပ်မလားဆိုတဲ့ ကျနော်တို့ ရွေးချယ်စရာ လမ်းနှစ်သွယ် ပေါ်လာပါတယ်။

အဲဒီတော့ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ဘက်ကို ရွေးချယ်ပြီးတော့ စဉ်းစားကြရအောင်။ အကယ်၍ ရွေးကောက်ပွဲဝင်မယ်ဆိုရင် နအဖမှာ အာဏာရှိတယ်၊ ငွေရှိတယ်၊ လူရှိတယ်၊ နောက် ယန္တရားရှိတယ်။ ကျနော်တို့မှာ အာဏာမရှိ၊ ငွေမရှိ၊ လူအနေနဲ့ကတော့ ပြည်သူတွေရဲ့ အတော်အတန် ထောက်ခံမှုတော့ရှိပါတယ်။ ဒါပေမယ့်လည်း ၉၀ တုန်းကလို ပြည်သူအားလုံးရဲ့ ထောက်ခံမှုရဖို့တော့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုရဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နဲ့ စိတ်ဓာတ်အခြေအနေဟာ ၉၀ ပြည့်နှစ် အခြေအနေတွေနဲ့ များစွာကွာခြားသွား ပြီဖြစ်လို့ပါ။ နောက်တခုက ကျနော်တို့မှာ ယန္တရားမရှိ။ အန်အယ်လ်ဒီဟာ အောက်ခြေအထိ ဖွဲ့စည်းတယ်ဆိုပေမယ့် ကျနော်တို့အဖွဲ့အစည်းဟာ တကယ်တမ်းပြောရရင် ခိုင်မာကျစ်လျစ်မှုမရှိတော့ပါဘူး။

အဲဒီလို အခြေအနေတွေမှာ ကျနော်တို့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များအနေနဲ့ ခလုတ်တံသင်းတွေ ထောင်ချောက်တွေ အများကြီးဖြတ်ကြရမယ်။ ရွေးကောက်ပွဲဥပဒေတွေနဲ့ အပယ်ခံရမှာတွေရှိသလို နောက်တချက်က ကိုယ်စားလှယ်တွေကို အမျိုးမျိုး အဟန့်အတားတွေ အနှောင့်အယှက်တွေ အန္တရာယ်တွေ မပေးဘူးလို့လည်း ဘယ်လိုမှ အာမ,မခံနိုင်ပါဘူး။ အဲဒီမှာ ကိုယ်စားလှယ်တွေ စောင့်နေတဲ့ကြားထဲက မဲလိမ်မှုတွေ၊ မဲခိုးမှုတွေ မဖြစ်နိုင်ဘူးလို့လည်း ကျနော်တို့ ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး။ ဒီလိုအခြေအနေမျိုးတွေ မှာ ကျနော်တို့ ရွေးကောက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ဘာသာရေးယုံကြည်ချက်အမြင်နဲ့ ဆက်စပ်နေတဲ့ ဆိုးရိုးစကားတခုကို တင်ပြချင်ပါတယ်။ အခုကာလဟာ သိကြားသာသနာ ဖြစ်တဲ့အတွက်ကြောင့် ကပ်ဆိုးဘေးဆိုးကြီးတွေနဲ့ ကြုံတွေ့ကြတော့မယ်။ အဲဒီကာလဆိုးနဲ့ ပတ်သက်ပြီး “ယက်သဲ့ကြား ငါးတင်၊ တင်တဲ့ငါး ကြောင်စား၊ ကျန်တဲ့ငါးမှ လွတ်” ဆိုတဲ့ ဆိုရိုးစကားပါ။ ထို့အတူပဲ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနဲ့လည်း စောစောက ထောင်ချောက်တွေ ခလုတ်တံသင်းတွေ ကျော်ဖြတ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် အနည်းစုသော အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနဲ့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေအတွက် ဘယ်လောက်များ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကို အလေးအနက်စဉ်းစားဖို့ လိုပါတယ်။

နောက်တချက်က ပြန်လည်ပြင်ဆင်ဖို့ လုံးဝမဖြစ်နိုင်အောင် အသေအချာ စီမံရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ဘယ်လိုလုပ်ပြီးတော့ ပြင်ဆင်နိုင်မှာလဲ။ ဒါကြောင့်မို့လို့ အဲဒီလမ်းကြောင်းက သွားမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ဖို့အတွက် ကြိုးပမ်းမှုတွေ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့် အဲဒီလိုဝင်လိုက်ခြင်းအားဖြင့် ရနိုင်မယ့်အကျိုးအမြတ်က မရေရာပေမယ့် တဘက်မှာတော့ ပေးလိုက်ရမယ့် အရင်းနှီးတွေ ဆုံးရှုံးမှုတွေက အတိုင်းအဆမရှိ ပေါ်လာနိုင်တယ်။

ပထမဆုံးရှုံးမှုကတော့ ပြည်သူလူထုကြီးရဲ့ စစ်မှန်တဲ့ ဆန္ဒလည်းဖြစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံလည်းဖြစ်၊ ဒီမိုကရေစီအင်အားစုတွေရဲ့ တိုက်ပွဲအောင်လံတံခွန်လည်းဖြစ်တဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ဆုံးရှုံးခံရမယ့်အရေးပါ။

ဒုတိယဆုံးရှုံးမှုကတော့ နအဖအုပ်စုက တိုင်းပြည်ကို ထာဝရ စိုးမိုးခြယ်လှယ်နိုင်ဖို့ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှုတ်အားဖြင့်၊ သဘောတရားရေးအားဖြင့် မည်သို့သော ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်သည်ဖြစ်စေ ရွေးကောက်ပွဲကို ၀င်လိုက်ခြင်းအားဖြင့် အဆိုပါ ဖွဲ့စည်းပုံဥပဒေကို ကာယကံမြောက် လက်ခံအတည်ပြုပေးလိုက်သလို ဖြစ်သွားမယ့်အရေးပါ။

တတိယအချက်ကတော့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအပါအ၀င် ဒီမိုကရေစီအင်အားစုတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ဘယ်သူပဲ နိုင်နိုင်ရှုံးရှုံး ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အစိုးရရဲ့ တရားဝင်ဖြစ်မှုဟာ ပိုမိုခိုင်မာသွားမှာဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကြား အဲဒီ ၂၀၀၈ အခြေခံဥပဒေအရ ပုံပြောင်းထားတဲ့ စစ်အစိုးရအပေါ် ထားရှိရမယ့် သဘောထားနဲ့ ပတ်သက်လို့ အမြင်ရှုပ်ထွေးမှုတွေ၊ ၀ိဝါဒကွဲပြားမှုတွေ ပေါ်ပေါက်နိုင်ပြီး အဲဒီကတဆင့် ဒီမိုကရေစီအင်အားစုတွေရဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်းကြောင်းမှာ ချည့်နဲ့အားနည်းမှုတေ၊ွ ထိခိုက်ဆုံးရှုံးမှုတွေ ပေါ်ပေါက်လာနိုင်မယ့် အရေးပါ။

ဒါကြောင့်မို့လို့ ကျနော်တို့ ဒီလမ်းထက်စာရင် စောစောကပြောသလို နအဖရဲ့ ၂၀၁၀ ထိုးစစ်ကို ကြံ့ကြံ့ခံရင်းနဲ့ မိမိရဲ့ခံစစ်ကြောင်းကို လုံအောင်ထိန်းပြီးတော့ ရွေးကောက်ပွဲမတိုင်မီမှာလည်း ရွေးကောက်ပွဲကို ဆန့်ကျင်မယ်၊ ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း ကျနော်တို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ရပ်မယ်ဆိုရင် ကျနော်တို့ ရှေ့ကိုဆက်ပြီးတော့ နိုင်ငံရေးကြိုးပမ်းဆောင်ရွက်မှု လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ဟိုဘက်ကာလမှာလည်း ကျနော်တို့ပြည်တွင်းမှာ အန်အယ်လ်ဒီနဲ့တကွ နိုင်ငံရေးပါတီတွေကို အပေးအယူ မလုပ်တဲ့အတွက်၊ မညှိနှိုင်းတဲ့အတွက်၊ မဆွေးနွေးတဲ့အတွက်၊ အမျိုးသားညီညွတ်မှုမရှိတဲ့အတွက် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု မရနိုင်ပါဘူး။ ထို့အတူ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခု ဆောင်ရွက်ဖို့ တိုက်တွန်းနေတဲ့ကြားက နအဖအနေနဲ့ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပဆောင်ရွက်သွားမယ်ဆိုရင် ရွေးကောက်ပွဲကိုသော်လည်းကောင်း၊ ရွေးကောက်ပွဲပြီးနောက် ဖြစ်ပေါ်လာမယ့် အစိုးရကိုသော်လည်းကောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံမှာမဟုတ်သလို ပြည်သူလူထုကလည်း လက်ခံမှာမဟုတ်တဲ့အတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဆက်ဆံရေးမှာ လိပ်ခဲတည်းလည်း ရှိနေမှာပါ။

နောက်တချက်က တိုင်းရင်းသားများနဲ့ အခုလို အသွင်ကူးပြောင်းရေးကိစ္စတွေ၊ လက်နက်ရုပ်သိမ်းရေးကိစ္စတွေဟာ အခုအချိန်မှာ မပြေလည်သလို ၂၀၁၀ ရွေးကောက်ပွဲပြီးရင်လည်း ပြေလည်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လက်မခံသလို တိုင်းရင်းသားငြိမ်းအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း လက်မခံတဲ့အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းပဲ အပြည့်အ၀ ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလို ပြည်တွင်းငြိမ်းချမ်းရေးမရှိ၊ ပြည်တွင်းမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိ၊ နိုင်ငံတကာဆက်ဆံရေးမှာလည်း လိပ်ခဲတည်းလည်းဖြစ်နေတဲ့ နိုင်ငံဟာ ကြီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အလွန်မှ ခက်ခဲပါလိမ့်မယ်။ အဲဒီတော့ ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ဆိုတာကလည်းပဲ မလွယ်ကူတဲ့အတွက် ပြည်သူတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့စားဝတ်နေရေး၊ ပြည်သူတွေရဲ့တိုးတက်မှု မဖြစ်နိုင်တဲ့အတွက်ကြောင့် ပြည်သူတွေကလည်း အမြဲတမ်းဆန့်ကျင်နေမှာဖြစ်ပါတယ်။

အဲဒီလိုကာလမှာ ကျနော်တို့နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ခံစစ်ကြောင်းကနေ နိုင်ငံရေးထိုးစစ်ကို ပြန်လည်ဆင်နွှဲပြီး ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးအတွက် ဆက်လက်ကြိုးပမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအပါအ၀င် နိုင်ငံရေးပါတီအားလုံး မိမိတို့ရဲ့ရပ်တည်ချက် မူတွေဟာ ပြင်လွယ်၊ ပြောင်းလွယ် Flexible ဖြစ်တယ်ဆိုပေမယ့် မလိုအပ်ဘဲနဲ့ အကြောင်းမဲ့ မစွန့်လွှတ်ကြဖို့နဲ့ အခြေခံမူပေါ်မှာ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ကြဖို့လိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ခေတ်ပြိုင်မှ ဖော်ပြသည်

Sunday, September 13, 2009

စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်တဲ့ နယ်စပ်ဒေသ
ရဲဘော်ဖိုးသံချောင်း

၁၄ စက်တင်ဘာ ၂၀၀၉


ပြီးခဲ့တဲ့ကိုးကန့်အရေးအခင်းမှာ နအဖစစ်အစိုးရက အစွယ်ဖြဲပြခဲ့ပြီ။ သေနတ်ဖောက်ပြခဲ့ပြီ။

ဒါဟာ ငြိမ်းအဖွဲ့တွေကိုသာမက တတိုင်းပြည်လုံးကိုပါ သတိပေးခြိမ်းခြောက်လိုက်တာ ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ အိမ်နီးနားချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများကိုလည်း ကြားလိုက်ကြရဲ့မဟုတ်လားလို့ မေးနေတဲ့အလားပါပဲ။

နအဖ အခုလို ကိုးကန့်က MNDAA ကို အပြတ်ချေမှုန်းတဲ့အထိ လုပ်လိုက်တာဟာ သူတို့စီစဉ်တဲ့ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံတဲ့ အကြောင်းရင်းတခုတည်းကြောင့်ပြောရင် နအဖစကားကို အလွယ်နဲ့ယုံကြည်ရာကျပါလိမ့်မယ်။ တကယ်က ဒီနေ့အပစ်ရပ်အဖွဲ့တွေထဲမှာ ဦးဖုန်ကြားရှင်တို့လိုပဲ လက်မခံနိုင်ဘူးလို့ ပြောနေတဲ့ တခြားအဖွဲ့အစည်း ကြီးငယ်တွေ မနည်းရှိနေပါသေးတယ်။

နောက်အကြောင်းပြချက်တခုဖြစ်တဲ့ လက်နက်စက်ရုံကိစ္စဟာလည်း တော်တော်ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ဖြစ် ပါတယ်။ တရုတ်ဗမာနယ်စပ်က တချို့ငြိမ်းအဖွဲ့အစည်းတွေမှာ လက်နက်ခဲယမ်းထုတ်လုပ်တဲ့ စက်ရုံငယ်လေးတွေ ရှိတတ်တယ်။ ရှိတယ်ဆိုတာကို နအဖ မသိတာမဟုတ်ပါဘူး။ အဲဒီအဖွဲ့အစည်းတွေကလည်း ဗြောင်သာထုတ်မပြောတာ သိပ်ဖုံးကွယ် ထားကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဒီစက်ရုံးတွေ တည်ရှိနေတာဟာ နှစ်ပေါင်းကိုကြာလှပါပြီ။ ဒါ့အပြင် ပြောဖြစ်အောင် ပြောရမယ့်အချက်တခုက နဝတနဲ့ဒီအဖွဲ့တွေ အပစ်အခတ် ရပ်စဲရေးဆိုတာကို လုပ်ခဲ့ကြတုန်းက လက်နက်ခဲယမ်းမစုဆောင်းရ၊ မထုတ်လုပ်ရလို့ သဘောတူညီချက်မရှိခဲ့ပါဘူး။ အခုမှ သူတို့ရဲ့တပ်တွေကို ပြင်ဆင်ပြီးပြီ ဆိုတော့မှ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး ရမယ်ရှာတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး။ ဒီအကြောင်းပြချက်ကတော့ ပိုလို့တောင် ရီစရာကောင်းပါတယ်။ ဒီဒေသတွေမှာ ဗိုလ်ခင်ညွန့်နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်လိုက်ပြီးမှ မူးယစ်ဆေးဝါးထုတ်လုပ်မှုဟာ အရေအတွက်အရ၊ အရည်အသွေးအရ၊ အမျိုးအစားအရ အကုန်တိုးပွား လာတယ်ဆိုတာ ကမ္ဘာအသိပါ။ ဒါကို စစ်အစိုးရက မသိကျိုးနွံပြုထားသလို ထောက်လှမ်းရေးအပါ စစ်တပ်တချို့ဟာလည်း ဒီလုပ်ငန်းတွေကိုမှီပြီး ဝင်ငွေကောင်းနေခဲ့ကြတာပါ။ ဒါပေမယ့် ၂၁ ရာစုဝင်ပြီးနောက်ကစပြီး ဒီဒေသတွေမှာ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကျဆင်းသွားတယ်ဆိုတာလည်း ကမ္ဘာက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ နအဖစစ်အစိုးရဟာ ဦးဖုန်ကြားရှင်တို့ မူးယစ်ဆေးဝါး လှိုင်လှိုင် ထုတ်နေတုန်းက သူတို့ရဲ့ “အမျိုးသားညီလာခံ” မှာ တိုင်းရင်းသားခေါင်းဆောင်ကြီးလို့ ဖူးဖူးမှုတ်ဗန်းတင်ထားခဲ့တာကို ဘယ်သူက မေ့ပါ့မလဲ။ နောက်ပြီး အခု ဦးဖုန်ကြားရှင်တို့ကို ဗကပထဲကနေ ခွဲထွက်စေတုန်း ကရော၊ အခုဖြိုခွဲတိုက်ခိုက်တဲ့အခါမှာရော နအဖစစ်အစိုးရဟာ လားရှိုးမှာ မူးယစ်ဆေးဝါးရာဇာကြီးတွေကို တမင်ပင့်ဖိတ် အကြံဉာဏ်တွေ ယူခဲ့တယ်ဆိုတာ ကမ္ဘာကမသိဘူးမှတ်လို့လား။

ဒီတခါ နအဖက ဦးဖုန်ကြားရှင်တို့ရဲ့ ခေါင်းပေါ်ကိုဖြတ်ပြီး သေနတ်ဖောက်ပြလိုက်တာဟာ သေသေချာချာ၊ စေ့စေ့စပ်စပ် စီမံပြင်ဆင်ခဲ့တဲ့ တပြည်လုံး၊ တကမ္ဘာလုံးကြားအောင် တမင်ပစ်ဖောက်လိုက်တဲ့ သေနတ်သံလို့ပဲ နားလည်ရပါတယ်။ သူတို့နဲ့ မတူသူတွေကို သေနတ်စာကျွေးမယ်လို့ ဖော်ပြလိုက်တာဖြစ်သလို သူတို့ရဲ့နောက်လိုက် သဗ္ဗနံပေါင်းစုံကိုလည်း “ယ-ရက်” နီးပြီလို့ တပ်လှန့်အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ တပါတည်း “မင်းတို့ရဲ့နောက်မှာ သေနတ်ရှိတယ်၊ လုပ်ချင်တာသာ လုပ်ကြ” လို့ ကျားစွယ်တိုက်ပေးလိုက်တာလည်းဖြစ်ပါတယ်။

ဒီကိစ္စကို အခုလို တတိုင်းပြည်လုံး နိုင်ငံရေးနဲ့ဆက်စပ်လိုက်တော့ ထပ်တွေ့ရတဲ့အချက်တခုက ဒီကိစ္စဖြစ်ပေါ်တဲ့အချိန်ကာလ ပါပဲ။ ယက်တောကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ထပ်ချတာတွေ ပြီးစီးသွားတဲ့နောက်မှာ ဖြစ်ပေါ်လာခြင်းပါပဲ။ တပြိုင် နက်တည်းမဖြစ်ဘူးဆိုတာ သတိပြုရပါမယ်။ ကြပ်ပြေးက ဒါရိုက်တာ စီစဉ်ညွှန်ကြားနေတဲ့အတိုင်း အစီအစဉ်တကျ ဖြစ်ပေါ်နေတာချည်း ဖြစ်ပါတယ်။ ပြည်မတလှည့်၊ ပြည်နယ်တလှည့်၊ လက်နက်မကိုင်သူတွေတလှည့်၊ လက်နက်ကိုင်သူတွေ တလှည့် တလှည့်စီ သွေးတိုးစမ်းနေတာရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိတယ်ဆိုတာ သေသေချာချာ စဉ်းစားသင့်ပါ တယ်။ တပါတည်းမှာ နောက်ခြေလှမ်းရဲ့ ပစ်ကွင်းဟာ ဘာဖြစ်မလဲဆိုတာလည်း တွေးတောသင့်ပါတယ်။ ဝဖြစ်မလား၊ မုန်းလားဖြစ်မလားဆိုပြီး လွယ်လွယ်စဉ်းစားလို့ မဖြစ်ပါဘူး။ နအဖဟာ ထင်မထားတဲ့ပစ်မှတ်တွေ ဖော်ထုတ်တတ်တယ် ဆိုတာကို သတိပြုရပါမယ်။

သေချာတာကတော့ သူတို့အနေနဲ့ ဒီနေရာ၊ ဒီအဆင့်မှာတင် ရပ်ထားလို့မရပါဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ သူတို့ရဲ့ လမ်းပြမြေပုံအတွက် ခလုတ်ကန်သင်းမှန်သမျှကို ရှင်းရပါတော့မယ်။ အနုနည်းနဲ့ရရင်ရ၊ မရရင် ဦးဖုန်ကြားရှင်တို့ကိုလုပ်သလို အကြမ်းနည်းနဲ့ ရှင်းပါလိမ့်မည်။ ရွေးကောက်ပွဲဆိုတာ အာဏာပြဿနာဖြစ်ပါတယ်။ နအဖစစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့ ပတ်သက်ရင် နည်းနည်းမှ ဟန်မဆောင်ဘူးဆိုတာ အားလုံးသိကြပြီးသားပါ။

အခု သူတို့ဟာ ဝနဲ့မိုင်းလားကို မတိုက်ဘူးလို့ပြောတယ်။ ဒါပေမယ့် သံချပ်ကာကားများအပါအဝင် အင်မတန်များပြားတဲ့တပ် ပေါင်းစုံကို အဲဒီဒေသတွေကို လာဆိုင်ထားတယ်။ ခြိမ်းခြောက်ထားတယ်။ ပြန်မဆုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ရာမှာ ဆိုင်းငံ့တနှစ်ခွဲလို့ လုပ်ထားလိုက်တာနဲ့ တူလိုက်လေလို့တွေးမိတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာလည်း နအဖတပ်တွေက အားဖြည့်နေရာယူပြီးဖြစ်နေတယ်။ ဒီလိုအနေအထားကိုမြင်ရတော့ တကယ်လို့သာ တတိုင်းပြည်လုံးမှာ လှုပ်ရှားမှုကြီးတခုခု ပေါ်ပေါက်ခဲ့ရင်၊ ဒါမှမဟုတ် နအဖဘက်ကနေ လူထုဖိနှိပ်ရေးလှုပ်ရှားမှုကြီးတခုလုပ်ခဲ့ရင် နအဖအစိုးရဟာ သူတို့တပ်တွေကို ဒီလိုပဲ ချထားမှာ၊ ငြိမ်းအဖွဲ့တွေကို ရင်ဆိုင် ထိန်းချုပ်ထားမှာပဲလို့ တွေးမိစရာဖြစ်နေတယ်။ နအဖအစိုးရ အနေနဲ့ မုန်းလားနဲ့ဝကို မတိုက်ဘူးလို့ ပြောတယ်ဆိုတာကို နအဖရဲ့သတင်းစာတွေ၊ အသံလွှင့်ရုံ၊ ရုပ်မြင်သံကြားတို့ကနေ မဖော်ပြဘူးဆိုတဲ့ အချက်ဟာလည်း သတိထားစရာပါ။ သူတို့ဘက်က ဒါကို တရားဝင်ကတိအာမခံချက် မဖြစ်အောင် တမင်လုပ်ထားတဲ့သဘောလို့ ယူဆစရာ ဖြစ်နေပါတယ်။ တဖက်မှာကျတော့လည်း “ဝတို့၊ မုန်းလားတို့ကိုသာတိုက်ရင် “လက်နက်ကြီးတွေနဲ့ တိုက်လေယာဉ်တွေသုံးမယ်” လို့ တရားမဝင်ပြောဆို သတင်းလွှင့်နေပါတယ်။

ဒီနေ့ ဗမာပြည်နိုင်ငံရေးကို ပြန်ကြည့်လိုက်တော့လည်း နအဖဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးမှာလည်း “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်” ဆိုတဲ့ လိပ်ခဲတည်းလည်းအနေအထားပဲ ထိန်းသိမ်းထား တာပါ။ အချိန်မရွေးချေမှုန်းပစ်မယ့် ခြိမ်းခြောက်မှုကို စစ်အစိုးရက တရားဝင် ထုတ်မပြောပေမယ့် လူတိုင်းခံစားမိနေပါတယ်။
နအဖစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထုနဲ့ အတိုက်အခံအမျိုးမျိုးကို ‘ကုတ်ပေါ်ဓားဝဲ’ အနေအထားမျိုး တောက်လျှောက် ဖြစ်နေအောင် တဖက်မှာဖန်တီးထားပြီး တဖက်မှာ သူတို့ကိုယ်တိုင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် နယ်ဆင်းစည်းရုံး တာတွေအပါ ခြေလှမ်းအမျိုးမျိုးကို ကြိတ်လှမ်းနေကြပါတယ်။ ပြည်တွင်းနိုင်ငံရေးကို အဓိကထားတယ်ဆိုရင် နအဖရဲ့ ခြေလှမ်းတွေကို မျက်ခြည်မပြတ်စောင့်ကြည့်တာ၊ ဖော်ထုတ်တာ၊ ဆန့်ကျင်တာတွေ တောက်လျှောက်လုပ်နေရမှာပါ။

ကိုးကန့်အဖြစ်အပျက်ကိုကြည့်ပြီး တရုတ်သဘောထားက ဘယ်လို၊ အမေရိကန်သဘောထားက ဘယ်လို၊ အာဆီယံသဘော ထားက ဘယ်လိုဆိုတာတွေ တွက်နေလို့ ခရီးမပေါက်ပါဘူး။ နအဖရဲ့သဘောထားကဘယ်လို၊ နအဖရဲ့အကြံအစည်က ဘယ်လို၊ ဒါကြောင့် ငါတို့ကဘယ်လိုဆိုတာမျိုးကို တိတိပပစဉ်းစားရ၊ ပြင်ဆင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

Monday, June 22, 2009

ဒေါ်အောင်ဆန်းစုကြည်ဧ။် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု့ သမိုင်းအကျဉ်း

ဒ်ါအောင်ဆန်းစုကြည်သည် မြန်မာပြည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပြည်သူလူထုက ချစ်ခင် လေးစား အားထားသည့် အထင်ရှားဆုံး ခေါင်းဆောင်ဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာမှ ပြီးခဲ့သည့်လတွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်း ခံနေရသည့် အချိန် စုစုပေါင်းမှာ ၁၄ နှစ် ပြည့်တော့မည် ဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ယနေ့အထိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သည့် ထူးခြား ထင်ရှားသည့်ဖြစ်ရပ်များကို ဖော်ပြလိုက်ပါသည်။ သူနှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာ့နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်တချို့၏ ပြောကြားချက်များကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါသည်။

၁၉၈၈ သြဂုတ် ၂၄

ဦးနေဝင်း၏ တပါတီအာဏာရှင်အစိုးရကို ဆန့်ကျင်သည့် ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလအတွင်း ရန်ကုန်ဆေးရုံကြီးရှေ့တွင် မိန့်ခွန်း ပြောကြားသည်။ လူထုနှင့် ပထမဆုံးအကြိမ် ထိတွေ့မှု ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ နေတာများတော့ ဗမာလို ပြောတတ်ပါ့မလားလို့ ကျနော်တို့ စိတ်ထဲမှာ သံသယ ရှိတယ်။ ပရိသတ်နဲ့ ပြောတဲ့အခါ ဘယ်လို နေမလဲ ဆိုပြီး စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီမှာပြောတာ အင်မတန် ကောင်းပါတယ်။ တကယ်တမ်းတော့ ဒေါ်စုက ကျနော်တို့ထက် ပိုပြီးတော့ စကားလုံးရွေးချယ်မှု တိကျ မှန်ကန်တယ်” ဟု စာရေးဆရာ မောင်မိုးသူက ပြောသည်။

၁၉၈၈ သြဂုတ် ၂၆
ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သို့ လူထု ပရိသတ် ၅ သိန်းခန့် တက်ရောက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေးကို တောင်းဆိုပြီး ပြည်သူ လူထု ညီညွတ်ကြရန် တိုက်တွန်းသည်။ (စက်တင်ဘာ ၁၈ တွင် မြန်မာ့ တပ်မတော်က ဦးနေဝင်းအစိုးရထံမှ အာဏာ သိမ်းယူလိုက်သည်။)

၁၉၈၈ စက်တင်ဘာ ၂၇
၁၉၈၈ နောက်ပိုင်း အင်အား အကောင်းဆုံး၊ အထင်ရှားဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲ့စည်းသည်။

“အဖွဲ့ချုပ်ကို တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ဖွဲ့စည်းခဲ့တာပဲ” ဟု အဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

၁၉၈၈ ဒီဇင်ဘာ ၂၇
မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည်။ ထောင်သောင်းချီသော လူထုကြီးက ဈာပနအခမ်းအနားကို ငြိမ်းချမ်းစွာ လိုက်ပါ ပို့ဆောင်သည်။ စစ်အစိုးရ ခေါင်းဆောင် တချို့လည်း ဈာပနသို့ တက်ရောက်သည်။

၁၉၈၉ ဧပြီ ၅
ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်စဉ် ဓနုဖြူမြို့ အရောက်တွင် စစ်သားများက တားဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ရန် ဗိုလ်ကြီး မြင့်ဦးက စစ်သား ၆ ယောက်အား အမိန့်ပေးနေစဉ် ဗိုလ်မှူး ၂ ဦးက ဝင်ရောက် တားဆီးခဲ့သဖြင့် အသက် အန္တရာယ်မှ လွတ်မြောက်သွားသည်။

၁၉၈၉ ဇူလိုင် ၂ဝ
နေအိမ်တွင် ၆ နှစ်ကြာ စတင် ထိန်းသိမ်းခံရသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် ၁ဝ လ အကြာတွင် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

၁၉၉ဝ မေ ၂၇
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုင်ငံအနှံ့တွင် ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရသော်လည်း အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။

၁၉၉၁ ဒီဇင်ဘာ ၁ဝ
၁၉၉၁ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိသည်။ ဆုရရှိခြင်းကို ထောက်ခံသည့် ဆန္ဒပြပွဲ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားရာ ကျောင်းသား အများအပြား ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။

“မတရား ဖမ်းဆီးခြင်း ခံထားရတဲ့ ခေါင်းဆောင် တယောက် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိတဲ့ဟာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ အဲဒီခေါင်းဆောင် လွတ်မြောက်ဖို့ အတွက် ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသား အယောက် ၂ဝဝ ကျော် မတရား ဖမ်းဆီးခြင်း ခံလိုက်ရတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးနဲ့ ဖိနှိပ် အုပ်ချုပ်ခဲ့တာ ခုအချိန်အထိ နှစ် ၂ဝ ကျော်ခဲ့ပါပြီ” ဟု ၁၉၉၁ ဒီဇင်ဘာ ၁ဝ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။

၁၉၉၄ စက်တင်ဘာ ၂ဝ

ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။

၁၉၉၅ ဇူလိုင် ၁ဝ
၆ နှစ်ကြာ အကျယ်ချုပ်မှ လွတ်မြောက်သည်။ နေအိမ်ရှေ့သို့ သွားရောက် စုဝေးသော ပြည်သူလူထုကို စနေ တနင်္ဂနွေ ညနေပိုင်းများတွင် မိန့်ခွန်းပြောသည်။ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုတို့ တွေ့ဆုံမှုကို ဟန့်တားရန် ၁၉၉၆ နိုဝင်ဘာလတွင် တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့လိုက်သည်။

၁၉၉၅ ဒီဇင်ဘာ ၂၈
၁၉၉၃ တွင် အစပြုခဲ့သည့် အမျိုးသား ညီလာခံကို လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့် ရသည့်အချိန်မှ ပြန်လည် တက်ရောက်မည်ဟု ဆိုပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်များ ညီလာခံမှ ထွက်ခွာကြသည်။

၁၉၉၆ မတ် ၁၃
လူရွှင်တော် ဦးပါပါလေး၏ အမှုတွင် သက်သေ လိုက်ရေး အတွက် မန္တလေးသို့ သွားရန် စီစဉ်ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြပြီး ဖြုတ်သိမ်းကာ ခရီးစဉ်ကို တားဆီးလိုက်သည်။

၁၉၉၆ နိုဝင်ဘာ ၉
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်သည်။ ယာဉ်မောင်းသူများက တိုက်ခိုက်မှုကြားမှ မောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။

၁၉၉၈ ဇူလိုင် ၂၃
ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြို့များသို့ သွားရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းရာ အာဏာပိုင်တို့က တားဆီးလိုက်သည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ တားဆီးခံရသည်။ နောက်ဆုံးတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်လိုက်သည်။

၁၉၉၈ စက်တင်ဘာ ၁၆
တိုင်းရင်းသားပါတီ ၄ ခုနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ပေါ်ပေါက်ရေးအတွက် ဦးဆောင် ပါဝင်သည်။ ဤကော်မတီ ဖြစ်မြောက်ရေးအတွက် လပေါင်း အတန်ကြာ အချိန်ယူပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။

“မြန်မာပြည်ကို ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမယ် ဆိုတာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ တကယ်ကို ပကတိ အခြေအနေက ရှိနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ဆွေးနွေး ပြီးတော့ ပြည်ထောင်စုနိုင်ငံ ထူထောင်ရမယ် ဆိုတာ ပြောလည်း ပြောတယ်၊ ယုံလည်း ယုံကြည်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၁၉၉၉ မတ်
ကင်ဆာရောဂါ ဖြစ်ပွားနေသော ခင်ပွန်းသည် မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် စစ်အစိုးရကို မေတ္တာ ရပ်ခံသည်။ စစ်အစိုးရက ပြည်ဝင်ခွင့် မပြုပေ။ ထိုလ ၂၇ ရက်နေ့တွင် မိုက်ကယ်အဲရစ် ကွယ်လွန်သည်။

၂ဝဝဝ သြဂုတ် ၂၄
ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ လမ်းတွင် ပိတ်ဆို့ တားဆီးခံရသည်။ ၉ ရက်အကြာတွင် အာဏာပိုင်တို့က လုံထိန်း အင်အား ၂ဝဝ ခန့်ဖြင့် ဝိုင်းဝန်း ဖမ်းဆီးပြီး နေအိမ်သို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။

၂ဝဝဝ စက်တင်ဘာ ၂၁
မန္တလေးသို့ ခရီးထွက်ရန် စီစဉ်နေစဉ် ရန်ကုန်ဘူတာကြီးတွင် တားဆီးခံရသည်။ နေအိမ်သို့ ကြမ်းကြမ်းတမ်းတမ်း ပို့ဆောင်ခံရပြီး ၂ နှစ် နီးပါး အကျယ်ချုပ် ချခံရသည်။

၂ဝဝ၂ မေ ၆
ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည်။

၂ဝဝ၃ မေ ၃ဝ
မြန်မာပြည်အနှံ့ ခရီးထွက်စဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၅ဝဝဝ ခန့်၏ တိုက်ခိုက်မှုကို ခံရသည်။ ကားမောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း နောက်တနေ့တွင် ရေဦးမြို့၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

၂ဝဝ၃ စက်တင်ဘာ
ကျန်းမာရေး ထိခိုက်သဖြင့် အာရှတော်ဝင် ဆေးကုခန်းသို့ တက်ရောက် ကုသမှု ခံယူသည်။ ဆေးရုံမှ ဆင်းပြီးသောအခါ နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခံရသည်။ တတိယအကြိမ် နေအိမ် အကျယ်ချုပ် ချခံရခြင်း ဖြစ်သည်။

၂ဝဝ၇ စက်တင်ဘာ ၂၂
ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ရှေ့သို့ ရောက်လာသည့် ချီတက် ဆန္ဒပြသူ သံဃာတော်များကို ခြံတခါးဝသို့ ထွက်ပြီး အရိုအသေပေးသည်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူထုနှင့် တွေ့ခွင့် ရလိုက်ခြင်းဖြစ်သည်။

၂ဝဝ၉ မေ ၁၄
နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်သည့် အချိန်တွင် နေအိမ်သို့ နိုင်ငံခြားသား တဦး ဝင်ရောက်ခဲ့သောကြောင့် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

၂ဝဝ၉ မေ ၂ဝ
အင်းစိန်ထောင်အတွင်းရှိ တရားခွင်သို့ ရန်ကုန် အခြေစိုက် သံတမန်များ ရောက်ရှိသွားသည်။ ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကသာ ဆန္ဒရှိကြမယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်ဟု သံတမန်များမှတဆင့် ပြောကြားလိုက်သည်။


Tuesday, June 2, 2009

Sunday, May 17, 2009

နအဖရွှေ့ တဲ့ ကလေးကွက် အန်အယ်လ်ဒီအတွက် မဟာအချက်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ဂျွန်ဝီလျံယက်တောဆိုတဲ့ အမေရိကန်ကြီးတဦး နှစ်ရက်ကြာ ၀င်ရောက်တည်းခိုသွားတယ်ဆိုတဲ့ သတင်းကြားရတော့ ဗိုလ်အောင်ဒင်ဇာတ်ကားထဲမှာ ပုလိပ်မင်းကြီး မစ္စတာစတီးဝပ် အကြီးအကျယ် ဒေါဖောင်းပြီး စုံထောက်ကြီး ဦးဘချစ်ကို ဖတ်ပြတဲ့ သတင်းခေါင်းစီးကို သွားသတိရမိတယ်။ သတင်းစာဖတ်ရင်း အကြီးအကျယ် ဒေါဖောင်းသွားတဲ့ သတင်းခေါင်းစီးကို သွားသတိရမိတယ်။ “ပုလိပ်တွေ ဘာလုပ်နေကြ သလဲ၊ လူဆိုးတွေမှာ ကိုယ်ပျောက်ဆေးရှိသလား” ဆိုတဲ့ သတင်းခေါင်းစီးပါ။ အခုလည်း နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါတွေကို “နအဖတတွေ ဘာလုပ်နေကြသလဲ၊ ယက်တောမှာ ကိုယ်ပျောက်ဆေးရှိသလား” ဆိုပြီး ခေါင်းစီးတပ် ရေးရမလိုဖြစ်နေပြီ။ ရယ်ရပုံများ ပြောပါတယ်။
ရယ်မောခြင်းရဲ့ နောက်ကွယ်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ပူပန်စိတ် အကြီးအကျယ် ဖြစ်မိပါတယ်။ တကယ်ဆို ကိုယ်အကျယ်ချုပ်ချထားတဲ့ လူထုခေါင်းဆောင်အတွက် အလုံးစုံတာဝန်ယူရမှာက နအဖပဲလေ။ အပြစ်မရှိတဲ့သူကို ကိုယ့်ဒုက္ခကိုယ်ရှာပြီး သူတို့ နေအိမ်အကျယ်ချုပ် ချထားချင်တာကိုး။ ဒေါ်အောင်ဆန်းစုကြည်က ကျမအိမ်ကို လာစောင့်ရှောက်ပေးပါလို့ နအဖကို လုံခြုံရေးအနေနဲ့ ငှားထားတာမှ မဟုတ်တာ။ အဲဒီတော့ ယက်တောဆိုတဲ့ အမေရိကန်ကြီး အင်းလျားကန်ထဲကပဲ ကုန်းတက်လာ ကုန်းတက်လာ၊ ခြံစည်းရိုးကိုပဲ သူခိုးကြီး ငတက်ဖြားလို ခုန်ဝင် ခုန်ဝင်၊ မိုးပေါ်ကပဲ ကြောင်ကျ ကျလာ ကျလာ၊ လုံခြုံရေးတွေရှိတဲ့ ၀င်းတံခါးကပဲ ကိုယ်ပျောက်ဝိဇ္စာလို ကိုယ်ယောင်ဖျောက်ပြီး ၀င်သွား ၀င်သွား လုံးဝတာဝန်ရှိတာကတော့ နအဖစစ်အုပ်စုမှာပါပဲ။ လုံခြုံရေးအပြည့်ပေးရမှာ သူတို့တာဝန်ပါ။ သူတို့ မတရားသဖြင့် အကျယ်ချုပ်ထားတာမို့လို့ပါ။
တကယ်လို့များ မပြောကောင်း မဆိုကောင်း ယက်တောက စိတ္တဇလူသတ်သမား ဖြစ်နေတယ် ဆိုကြပါစို့။ သူ နအဖလုံခြုံရေးတွေ မသိလိုက်ဘဲ ခိုးဝင်သွားလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ပါတဲ့အထိ ဖြစ်သွားပါပြီတဲ့။ နအဖ ဘယ်လိုမျိုးဆင်ခြေတွေ ပေးမလဲ၊ ဘာလုပ်ပေးမှာလဲ စဉ်းစားကြည့်မိတော့ ကြက်သီးမွေးညင်း တောင် တော်တော်ထသွားမိတယ်။ အဲဒီလိုမျိုးများဖြစ်ခဲ့ရင် နအဖက ကျွန်တော်မျိုးတို့ မသိလိုက်လို့ ဖြစ်သွားတာပါ ခင်ဗျားလို့ ဆင်ခြေဆင်လက်ပေးရုံနဲ့ ပြီးနိုင်မလား။ ပြည်သူလူထုကြီးနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကရော အဲဒီအဖြေကို လက်ခံမလား။ ဒေါသတွေ ဘယ်လောက်တောင်များ ပေါက်ကွဲလိုက်ကြလေမလဲ။ အဲဒီပေါက်ကွဲမယ့် ဒေါသမုန်တိုင်းနဲ့ တင် နအဖ လွင့်စဉ်သွားလောက်မယ်ထင်ပါရဲ့။
၁၉၈၃ ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့က ပြည်တော်ပြန်လာခဲ့တဲ့ ဖိလစ်ပိုင် အတိုက်အခံခေါင်းဆောင် ဘင်နစ်နိုအကွီနိုရဲ့ ဖြစ်အင်ကို အခုထိ အမှတ်ရနေမိပါသေးတယ်။ မနီလာလေဆိပ်အရောက်မှာ ဖိလစ်ပိုင်အာဏာရှင် မားကို့စ်က ဘင်နစ်နိုအကွီနိုကို တဖက်လှည့်နဲ့ လုပ်ကြံခိုင်းလိုက်တယ်။ ဒါပေမယ့် အဖြစ်မှန်ကို ဖိလစ်ပိုင်လူထုကြီးက သိသွားပြီး အကြီးအကျယ် အုံကြွပေါက်ကွဲပါလေတော့တယ်။ ဖိလစ်ပိုင်လူထုရဲ့ ဒေါသမုန်တိုင်းကြောင့်ပဲ မကြာမတင်မှာ ဗိုလ်ချုပ်ကြီးရာမို့စ် ခေါင်းဆောင်တဲ့ ဖိလစ်ပိုင်စစ်တပ်က အတိုက်အခံခေါင်းဆောင်သစ် မုဆိုးမ ကိုရာဇန်အကွီနိုနဲ့ ပေါင်းသွားခဲ့တယ်။ အဲဒီနောက် အာဏာရှင်မားကို့စ် ဖနောင့်နဲ့တင်ပါး တသားတည်း ပြေးခဲ့ရပါလေရောလား။ ဒီကနေ့အထိ မျက်စိထဲက မထွက်သေးတဲ့ ဖြစ်ရပ်ပါ။
အဲဒီလို နမူနာမျိုးတွေ ရှိနေလေတော့ နအဖအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ထဲမှာနေရင်း တစုံတခုဖြစ်သွားမှာ မျိုးတော့ လုံးဝအဖြစ်မခံရဲမှာ အသေအချာပါပဲ (ဒီပဲယင်းမှာ သွားရင်းလာရင်း ၀ိုင်းအရိုက်ခံရတာမျိုးက တမျိုးပေါ့လေ။ အဲဒီတုန်းကလည်း မပြောကောင်း မဆိုကောင်း ဒေါ်အောင်ဆန်းစုကြည် အသက်ပါသွားခဲ့လို့ကတော့ မြန်မာပြည်သူ လူထုရဲ့ ဒေါသနဲ့ ဗိုလ်သန်းရွှေတို့ လူသိုက် အခုလောက်ဆို စစ်ဘောင်းဘီတခြား ကိုယ်တခြား ဖြစ်နေလောက်ပြီ ထင်ပါရဲ့)။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တခုခုဖြစ်သွားခဲ့ရင် ပေါက်ကွဲထွက်လာမယ့် (ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးအားထားပြု လေးစားကြည်ညိုတဲ့) မြန်မာပြည်လူထုကြီးရဲ့ သေမထူးနေမထူး ဒေါသကို ဗိုလ်သန်းရွှေတို့ နအဖတသိုက် စိုးရွံ့လို့ပါပဲ။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် တစုံတခုဖြစ်မှာကို စိုးရွံ့မယ့် နအဖအနေနဲ့ သူတို့မသိဘဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို လူတယောက်လုံးမပြောနဲ့ ခွေးတကောင် မျက်စိလည်လမ်းမှားပြီး ၀င်မယ်ဆိုရင်တောင် ခွင့်ပြုမှာ မဟုတ်ပါဘူး (ခွေးရူးကိုက်ရင်လည်း အဆင့်မသင့်ရင် အသက်အန္တရာယ် ရှိတတ်တာကိုးခင်ဗျ)။ ဒီလိုအခြေအနေမျိုးမှာ ယက်တော ၀င်လာတယ်ဆိုတော့ အကြီးအကျယ် စဉ်းစားစရာပေါ့။ ဒါက ပထမတချက်။
နောက်တချက်က ဒီ ယက်တောဆိုတဲ့ အမေရိကန်ကြီးက နအဖက ဖမ်းမိတယ်ဆိုတဲ့ အခုအခေါက်မှ ပထမဆုံးအကြိမ် ခိုးဝင်တာမဟုတ်ပါဘူး။ ၂၀၀၈ တုန်းကတည်းက ပထမအကြိမ် ခိုးဝင်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက သက်ဆိုင်ရာ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကို အခုတခေါက် မြန်မာပြည်ထဲ ထပ်ဝင်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ထပ်ထုတ်ပေးတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ခိုးဝင်ဖူးတဲ့သူမှန်း သိထားရဲ့သားနဲ့ ဘာ့အတွက်ကြောင့် ဗီဇာထပ်ထုတ်ပေးသလဲဆိုတာ စဉ်းစားစရာ ဖြစ်မနေပေပြန်ဘူးလား။ ဒါက ဒုတိယတချက်။
အဲဒီတော့ ပထမအချက်က ကိုယ်ဖမ်းထားတဲ့ လူထုခေါင်းဆောင်ရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်မှု၊ ဒုတိယအချက်က သိသိကြီးနဲ့ ထောင်ချောက်ဆင် ဟပေးထားမှု၊ အဲဒီနှစ်မှုထဲက တမှုနဲ့တင် နအဖမှာ အပြစ်လုံးဝရှိနေပြီဆိုတာ အသေအချာပြောနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်ကို ဖမ်းသွားပြီး အခုအထိ ဘယ်မှာထိန်းသိမ်းထားမှန်း မသိရတာကလည်း (ဆောင်းပါးရေးပြီးချိန်မှာတော့ ဒေါက်တာတင်မျိုးဝင်း ပြန်လွတ်လာပြီလို့ သိရပါတယ်) နအဖရဲ့ မရိုးမသားလုပ်ကြံမှုကို ပိုပြီးသံသယကြီးထွားစေပါတယ်။ ဘာတခုမှ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု မရှိလို့ပါ။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ယက်တောကို ဘာဖြစ်လို့ တည်းခွင့်ပြုရတာလဲ ဆိုတဲ့အထိတောင် တောင်တောင်အီအီ စဉ်းစားစရာ မလိုတော့ဘဲ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုရွှေ့တဲ့ ကလေးကွက်က ဘွားဘွားကြီး ပေါ်နေတာကို တွေ့ရမှာပါ။ စဉ်းစားလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက ကိုယ့်ကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ နိုင်ငံတကာသိ လူထုခေါင်းဆောင်တယောက်၊ အိမ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူ မ၀င်းမမတို့ အတူရှိနေတယ်၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူတဖက်သားကို ဒုက္ခရောက် နစ်နာစေလိုတဲ့ ဆန္ဒမျိုး ရှိသူမဟုတ်၊ အဲဒါကြောင့် ယက်တောကို နှင်မထုတ်တာ အဆန်းလားလို့ မေးခွန်းပြန်ထုတ်လိုက်ရုံပေါ့။ ယက်တော ၀င်လာပြီဆိုကတည်းက နအဖအပြစ် လုံးလုံးကြီး ဖြစ်နေတဲ့ဟာကိုးလေ။ တကယ်ဆို ရှင်းပြနေစရာတောင် မလိုပါဘူး။
အဲဒီလိုကလေးကွက်ကို နအဖ ဘာကြောင့်ရွှေ့ခဲ့သလဲ။ ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရက်စေ့တော့ မှာရယ်၊ သူတို့ရဲ့ ကလိန်စေ့ငြမ်းဆင် လမ်းပြမြေပုံအတွက် အနှောက်အယှက်လို့ ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ကျင်းပပြီးတဲ့အထိ ဆက်ဖမ်းထားချင်လို့ရယ် ကြံရမရဖြစ်ပြီး သူတို့လုပ်မိတာဖြစ်ပါတယ် (မပိရိတာတခုတော့ နအဖကို သနားဖို့ကောင်းပါတယ်)။ အဲဒီလို သူတို့အပြစ် လုံးလုံးလျားလျားကို ဒေါ်အောင်ဆန်းစုကြည်အပြစ်လို့ ပုံချပြီး အင်းစိန်ထောင်ကို ခေါ်သွားတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့ လူထုအနေနဲ့ ဒေါသအရှိန် အဟုန် မြင့်တက်လာတာ မဆန်းပေဘူးပေါ့။ နဂိုကတည်းကမှ ကိုယ့်လူထုခေါင်းဆောင်ကို မတရားဖမ်းဆီးချုပ်နှောင် ထားလို့ ဒေါသထွက်နေရတဲ့အထဲ အခုလို ယုတ်မာကောက်ကျစ်လေတော့ ဒေါသအရှိန်ပိုမြင့်ပြီပေါ့။
ဒါပေမယ့် ဒါဟာ လူထုရဲ့ ဦးဆောင်ပါတီ အန်အယ်လ်ဒီအတွက်တော့ အဆိုးထဲက အကောင်းလို့ ပြောရမယ့် အခြေအနေပါ။ ဗိုလ်သန်းရွှေ ရွှေ့လိုက်တဲ့ ကလေးကွက်ကြောင့် လူထုရဲ့ ဒေါသအရှိန်အဟုန် မြင့်လာတာဟာ နအဖစစ်အုပ်စုအတွက် စိုးရိမ်စရာဖြစ်ပေမယ့် တလျှောက်လုံး မတရားသဖြင့် အနှိပ်ကွပ်ခံခဲ့ရတဲ့ အန်အယ်လ်ဒီပါတီ အတွက်တော့ လူထုအားနဲ့ တိုက်ခွင့်ရမယ့် တကယ့်မဟာအချက်ပါ။ လူထုရဲ့ ဒေါသရေချိန်မြင့်တက်လာချိန်မှာ လူထုတိုက်ပွဲဖော်ပြီး နအဖကို စိန်ခေါ်ဖို့ တကယ့်အခွင့်အခါကောင်းပဲ ဖြစ်ပါတယ်။
အန်အယ်လ်ဒီအနေနဲ့ လူထုတိုက်ပွဲကနေ အဆုံးသတ်တိုက်ပွဲအထိ ဦးဆောင်ဖို့ မထင်မှတ်ဘဲ အခွင့်အရေးရတာလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ်က နှုတ်မထွက်ချင်တဲ့ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ အနေနဲ့ ရွှေဝါရောင်တုန်းကလို အိမ်တွင်းပုန်းလုပ်မနေကြဘဲ လူထုရှေ့က မားမားမတ်မတ်ထွက်ပြီး (သမိုင်းတရားခံ မဖြစ်ရလေအောင်) ရဲရဲတောက် ဦးဆောင်ပေးကြဖို့ အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရ ပါတယ်။
ခေတ်ပြိုင်မှ သတင်းမှ

Sunday, April 12, 2009

Friday, March 27, 2009

ဒေါ်စုအကြောင်း တရုတ်ရုပ်သံကထုတ်လွှင့်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရုပ်မြင်သံကြား အစီအစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရှားရှားပါးပါး ထုတ်လွှင့်သွားသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲတဖွဲ့ဖြစ်သော ဂျနီဗာ အခြေစိုက် တရားမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်း အဖွဲ့(WGAD) ၏ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချထားခြင်းသည် မြန်မာပြည်တွင်း ဥပဒေများနှင့် ညီညွတ်ခြင်းမရှိကြောင်း မကြာသေးခင်က ကြေညာချက်အပေါ်အခြေခံ၍ အဆိုပါ ရုပ်မြင်သံကြား အစီအစဉ်က သတင်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် ဒေသခံများက ပြောသည်။

ထိုသတင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများနှင့် တကွ ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာ့အရေး လေ့လာသူများက တရုတ် သတင်းဌာနတခု၏ ယခုလုပ်ရပ်သည် မြန်မာအတိုက်အခံ ခေါင်းဆောင် တဦးကို တရုတ်အာဏာပိုင်များအနေနှင့် အသိအမှတ်ပြုသည့် လက္ခဏာတရပ်ကိုပြဆိုကြောင်း ပြောသည်။

အဆိုပါရက်များအတွင်း မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာညွှန်ကြား ရေးမှူး မစ္စတာ စတီဖင် ဘလိတ် ရောက်ရှိနေပြီး စစ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ တရုတ်အစိုးရဘက်မှ အမေရိကန်နှင့်မြန်မာအစိုးရ ဆက်ဆံရေးပိုမို ကောင်းမွန်လာမည်ကို စိုးရိမ်မှုရှိခြင်းကြောင့် ယခုကဲ့သို့ ရုပ်သံအစီအစဉ်မှ ပြသခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

မစ္စတာ စတီဖင် ဘလိတ်သည် ၎င်း၏ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ထိပ်ပိုင်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့သေးသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ထိန်းသိမ်းထား ခြင်းဖြစ်သည်။ ဤ ဥပဒေ ပြဌာန်းချက်အရဆိုလျင်နိုင်ငံတော် အချုပ်အခြာ အာဏာတည်မြဲရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်သူများ၊ ပြည်သူလူထု၏ ငြိမ်းချမ်းတည်ငြိမ်မှုကို နှောင့်ယှက်သူများကို ၅ နှစ် အထိ ထိန်းသိမ်း ထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်ပြီး လာမည့် မေလ ၂၄ ရက် ဆိုလျင် ၆ နှစ်ပြည့်ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
ဧရာဝတီ သတင်းမှ

Tuesday, March 24, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းခြင်းဆီးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်


ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် မြန်မာစစ်အစိုးရဘက်က ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ရာကျသကဲ့သို့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်ရာကျကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုသည်။

တရားလက်လွတ် ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့၏ ဥပဒေရေးရာ သုံးသပ်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံအား ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ကြောင်း ဝေဖန် သည်မှာ ပြောရိုးပြောစဉ်မဟုတ်ဟု ဆန်းစစ်သူများက ပြောသည်။

ယင်းသို့ ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မည်ဟု မထင်သော်လည်း နအဖအား ကာကွယ်ပေးနေသည့် တရုတ်၊ ရုရှ စသည့် နိုင်ငံများအပေါ် ဖိအားပေးနိုင်ရန် ကုလသမဂ္ဂအပေါ် အရေးပါသည့် ဂယက်ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့ရှေ့နေလိုက်ပေးနေသူ ၀ါရှင်တန်ဒီစီမှ ရှေ့နေ ဂျရတ် ဂျင်ဆာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် ပြည်သူအများ တည်ငြိမ်အေးချမ်းမှုအတွက် အန္တရာယ်ဖြစ်နိုင်သူလားဆိုသည်ကိုလည်း အဆိုပါ ဥပဒေသုံးသပ်ချက်တွင် မေးခွန်းထုတ်ထားသည်။

“အခုဟာက အစိုးရက ကိုယ့်ဥပဒေကိုတောင် မလေးစားဘူးလို့ ပြောလိုက်တာပေါ့။ တနည်းအားဖြင့် ပြောမယ်ဆို ရင် ထဲထဲဝင်ဝင်ကို ဝေဖန်လိုက်တာဖြစ်တဲ့အတွက် နအဖစစ်အစိုးရအတွက် အင်မတန်မှ ရှက်စရာကောင်းပါတယ်။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးဆိုတာကို ပြောလိုက်တာပေါ့။ အဲဒီအချက်ကို နိုင်ငံတကာက အသိအမှတ်ပြုလာရတဲ့ အနေအထားဖြစ်လာတာပေါ့။ နိုင်ငံတကာအသိုင်းအ၀န်းကြားမှာ နအဖအစိုးရအနေနဲ့ အရှက်တကွဲဖြစ်ရတဲ့ ကိစ္စတွေဖြစ်လာတော့ အနည်းနဲ့ အများဆိုသလို အရေးယူဖြေရှင်းပေးရမယ့် အနေအထား ဖြစ်လာမယ်လို့ ကျနော်ထင်တယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ အတွင်းရေးမှူး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှုကို ဆောင်ရွက်ပေးနေသူ ရှေ့နေဦးကြည်ဝင်းကမူ ယခုလ (၁၃) ရက်တွင် အယူခံကိုကြားနာပေးပါရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာကို ပေးပို့ထားသည်ဟု ပြောသည်။ အယူခံကို
၉-၁၀-၂၀၀၈ ခုနှစ်ကတည်းက တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း နအဖစစ်အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသဖြင့် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည်မှာ လေးကြိမ်ထက်မနည်းရှိပြီ ဖြစ်သည်ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချထားမှုနှင့်စပ်လျဉ်း၍ စုံစမ်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနားက မတ်လ (၁၇) ရက်၌ လူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံခဲ့သေးသည်။ ယင်းအစီရင်ခံစာတွင် ယင်းအမှုကို အစိုးရဘက်မှ လက်ခံရရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားသူကြီးချုပ်နှင့် ပြည်ထဲရေးအား စုံစမ်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ရှေ့နေကြီး ဦးကြည်ဝင်းကမူ ယင်းအမှုသည် တရားသူကြီးချုပ်နှင့် မဆိုင်တော့ဘဲ အစိုးရအဖွဲ့တာဝန်ရှိသူ ၀န်ကြီးချုပ် သို့မဟုတ် အစိုးရအဖွဲ့က ဗဟိုအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားသူကသာ ကိုင်တွယ်ဆောင်ရွက် ရတော့မည် ဖြစ်သည်ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သက်တမ်းထပ်တိုးတုန်းက အစိုးရအဖွဲ့ တာဝန်ပေးမှုအရ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးနဲ့ သူ့အဖွဲ့ဝင်တွေချထားတဲ့ အမိန့်ကို ကျနော်တို့က ပြန်အယူခံတာဗျ။ အဲဒါကို သူက သူ့အောက်ကို ပြန်ရှင်းခိုင်းနေလို့ မဖြစ်ဘူးလေ။ တရားသူကြီးချုပ်ဆိုတာကလည်း ပုဒ်မ (၂၁) ကို ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းလိုက်ကတည်းက တရားရုံးချုပ်ရဲ့ကဏ္ဍမပါတော့ဘူးဗျ။ တရားသူကြီးချုပ် ၀င်ရောက်ကိုင်တွယ်ရမယ့် အမှုမျိုးလည်း မဟုတ်တော့ဘူးဗျ။ အဲတော့ အဲလိုပြောဆိုခဲ့တယ်ဆိုရင်တော့ ပြောဆိုမှုတွေကိုက လွဲနေတယ်ဗျ” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အယူခံကို ကြားနာပေးရန် ရှေ့နေကြီး ဦးကြည်ဝင်းက နအဖ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာပေးပို့ပြီး (၆) ရက်အကြာတွင် အန်အယ်လ်ဒီက ပါတီဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး ကျင်းပလိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် တွေ့ခွင့်ပေးရန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တင်ပြခဲ့သည်။ ယင်းသို့တောင်းဆိုမှုကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့ဖူးသော်လည်း နအဖစစ်အစိုးရဘက်မှ တစုံတရာအကြောင်းပြန်ကြားမှုမရှိခဲ့ပေ။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့ အတွေ့အကြုံတွေအရတော့ အကြောင်းမပြန်တာ များတာပေါ့လေ။ သို့သော်လည်းပဲ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို ကျနော်တို့ အားမလျော့ဘဲ လုပ်သွားမယ်။ ပြောစရာရှိတာပြောမယ်။ တင်ပြစရာရှိတာတင်ပြမယ်။ မလုပ်ရင် သမိုင်းအရ၊ နိုင်ငံရေးအရ ဘယ်သူက တာဝန်ရှိလဲ ဆိုတာမျိုး သူ့ဟာသူဖြစ်လာပါလိမ့်မယ်” ဟု ဆိုသည်။

Friday, March 20, 2009

ဝက်သားဟင်းရောင်းလို့ အရိုက်ခံရ

။ ပဲခူးမြို့ ဥဿာမြို့သစ် ပင်စည်ယာယီဈေးအတွင်း လိုင်စင်မဲ့ ဝက်သား ဖမ်းဆီးရာ ဝက်သားဟင်းရောင်းသူ အမျိုးသမီးကို စစ်အရာရှိ၊ ဈေးစည်ပင်နှင့် ဝက်သားလိုင်စင် ယူထားသူများက ယခုလ ၅ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ပဲခူးအခြေစိုက် တပ်မ ၇၇ မှ စစ်ရေး ဦးစီးအရာရှိ ဗိုလ်ကြီးမျိုးမြင့်အောင် (အရပ်ခေါ် ဂျီသရီး) ၏ ကားနံပါတ် ဇ/၉၅၃၆ (စစ်ရောင် - Double Cup) ဖြင့် ဝက်သားလိုင်စင် ယူထားသူ ဦးတင်သိန်း၏ အလုပ်သမား ၇ ဦးခန့်သည် ညနေပိုင်းတွင် ဈေးသို့လာပြီး ဈေးစည်ပင်ဝန်ထမ်းနှင့်အတူ ဟင်းဆိုင်ကို ဖျက်သလို၊ ဆိုင်ရှင် မစန်စန်းလှကိုပါ ရိုက်နှက် ထိုးကြိတ်ခဲ့သည်။

“စည်ပင်သာယာက ဦးသန်းဝင်း ကျမကို ဆံပင်တွေ ဆောင့်ဆွဲတယ်။ ကားပေါ် အတင်း မ တင်တယ်။ လက်သီးနဲ့ ထိုးတယ်။ ပါးတွေနားတွေ ရိုက်တယ်။ ပေတရာပေါ်မှာ ပြုတ်ကျတယ်။ ကျမ အဲဒီအချိန်မှာ သတိလစ်သွားတယ်” ဟု မစန်းစန်းလှက ပြောသည်။

ပဲခူးမြို့မှ ရှေ့နေ ဦးအေးမြင့်က “လာဖမ်းတဲ့ ဗိုလ်ကြီး မျိုးမြင့်အောင်နဲ့ စည်ပင်သာယာက စည်းကမ်း ထိန်းသိမ်းရေး ကိုသန်းဝင်း မူးနေတယ်။ ဘာမှ တာဝန်မရှိသူတွေက နင် လိုက်ခဲ့၊ ဖမ်းတယ်ဆိုပြီး ပြောတယ်။ ရှင်တို့ မူးရူးနေတာ ကျမ မလိုက်နိုင်ဘူး ပြောတော့ မစန်းစန်းလှကို ရိုက်နှက်တာ” ဟု ပြောသည်။

ဆိုင်ကိုဖျက်ရာတွင် ဗိုလ်ကြီးလည်း ပါဝင် ဖျက်ဆီးခဲ့ကြောင်းနှင့် လိုင်စင်မဲ့ ဝက်သား ဖမ်းရာ ဝက်သားအစိမ်းသာ ဖမ်းခွင့်ရှိပြီး၊ ချက်ထားသည်ကို ဖမ်းမရကြောင်း သူက ဆိုသည်။

ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - ရယက ရုံးရှေ့တွင် အခင်းဖြစ်ပွားရာ၊ ရယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ လာကြည့်ခဲ့ကြသည်။

ဒေသခံတဦးက “ချက်ထားတဲ့ ဝက်သားအိုးကိုလည်း ကန်မှောက်ပစ်တယ်။ လူတွေက မခံနိုင်ဘူး။ ကောင်မလေးကို ပါးရိုက်၊ အင်္ကျီဆောင့်ဆွဲလုပ်တော့ ဒဏ်ရာတွေ ရလာတယ်။ လူတွေက မခံချင်တော့ ဝိုင်းလုပ်မယ်ဆိုတော့ စစ်ကား ဖြစ်နေတယ်” ဟု ပြောသည်။

ထို့နောက် အမှတ် ၇ ရယက ရုံးနှင့် အမှတ် ၃ ရဲစခန်းသို့ မစန်းစန်းလှက သွားတိုင်ခဲ့သည်။

ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ် စန်းညွန့်က “အမှုဖွင့်ထားပါတယ်။ ဝက်လိုင်စင် ယူထားသူ (ဦးတင်သိန်း) ရဲ့ လူ ကိုသန့်စင်က ဒေါ်စန်းစန်းလှကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ စွဲထားတယ်။ ဒေါ်စန်းစန်းလှကတော့ သူကို ဆံပင်ဆွဲတယ်၊ ပါးရိုက်တယ်၊ ပစ္စည်းတွေ ရိုက်ချိုးသွားတယ်၊ ကာယိနြေ္ဒပျက်အောင် လုပ်တယ်ဆိုပြီး တိုင်ထားတယ်။ နှစ်ဖက်စလုံးက အပြန်အလှန် အမှုဖွင့်ထားတယ်” ဟု ပြောသည်။

မစန်းစန်းလှသည် ရဲစခန်းမှ ပေးလိုက်သည့် ဆေးစာဖြင့် ပဲခူး ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုခဲ့သည်။

သူက ထိုနေ့ ရက်စွဲဖြင့်ပင် ပဲခူးတိုင်း အမျိုးသမီးရေးရာ အဖွဲ့သို့လည်း တိုင်ကြားခဲ့သည်။
မဇ္ဈိမသတင်းမှ

တွံတေးတွင် အိုးအိမ်ဆောက်ပေးရေး ဆန္ဒပြ

နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကြက်ခြေနီအသင်းမှ နေအိမ်များ ဆောက်ပေးရာ ဒေသအာဏာပိုင်များက အလွဲသုံးစားလုပ်သဖြင့် ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းရွာသား ၂ဝ ခန့်သည် တွံတေးမြို့သို့ ယနေ့ ချီတက်ဆန္ဒပြကြသည်။

ကျောက်တံတား ကားလမ်းမကြီးတလျှောက် ချီတက်လာကြကာ တွံတေးမြို့နယ် အေးချမ်းသာရေး မယက ရုံးရှေ့ရှိ လေဘေး ပြန်လည်ထူထောင်ရေးဌာန တည်ရှိရာသို့ သောကြာနေ့ နံနက် ၁၁ နာရီခွဲခန့်က ဦးတည်ဆန္ဒပြခြင်းဖြစ်သည်။

ဇီးဖြူကုန်းကျေးရွာမှ ဆန္ဒပြသူများထဲတွင် ကိုအံသီး၊ ကိုမြင့်လွင်၊ ကိုဇော်ဝင်း၊ ဒေါ်ကြည်၊ ဦးမြင့်ဌေး၊ ဒေါ်တရုတ်မ၊ ဦးအောင်မိုးကျော်၊ ဒေါ်ဌေးဝင်း၊ ဒေါ်အေးသွယ်၊ ဦးအေးနိုင်၊ ဒေါ်ကြည်အေး၊ မောင်အေးစန်း (အညာသား)၊ ကိုအောင်ဝင်းနိုင်၊ ဒေါ်သာပင်၊ ဦးမျိုးထွန်း၊ မခင်မျိုးနွယ်၊ ဦးမောင်သန်းတို့ ပါဝင်သည်။
သူတို့ကို တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေက ဦးဆောင်လာခဲ့ခြင်းပြီး အတွင်းရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေနှင့် စည်းရုံးရေးအဖွဲ့ဝင်များက ဝန်းရံပေးထားသလို၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း စောင့်ကြပ်ခဲ့သည်။

''အခုဆိုရင် ချီတက်ဆန္ဒပြသူတွေဟာ ရုံးကို ရောက်ရှိနေပါပြီ။ သူတို့ လိုအပ်နေတဲ့ ဟာတွေကို ထပ်မံဖြည့်ဆည်း ပေးဖို့အတွက် လက်မှတ်ထိုးပြီး တောင်းဆိုချီတက်တာပါ။ အခုလက်ရှိတော့ ကြွေးကြော်သံတွေ မပါသေးဘူး။ စကားတွေပြောပြီး တက်သွားတယ်။ ဘယ်လိုတုံ့ပြန်မလဲ မသိသေးဘူးခင်ဗျ။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကို အာဏာပိုင်တွေက ဖမ်းမယ်၊ အရေးယူမယ်ဆိုရင် ကြွေးကြော်သံတွေနဲ့ တောင်းဆိုသွားမှာ ဖြစ်တယ်'' ဟု ဆန္ဒပြသူများကို ဝိုင်းရံပေးနေသူ အန်အယ်ဒီ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အိုးအိမ်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက နိုင်ငံကာ အစိုးရမဟုတ်သော အဖွဲ့ - အန်ဂျီအိုများနှင့် ပူးပေါင်းကာ တအိမ်ထောင်လျှင် ကျပ်ငွေ ၄ သိန်း တန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာထွန်းမြင့်က ''ကျနော်တို့မှာ နိုင်ငံတကာ ကြက်ခြေနီအသင်းက အကူအညီနဲ့ နာဂစ်ဒေသမှာ မြို့ ၁၃ မြို့ကို ပြန်လည်တည်ဆောက်ရေးအတွက် အလုပ်လုပ်နေတယ်။ အခုတော့ ၉ မြို့တော့ ရုံးခွဲတွေ ၉ ခု ရှိတယ်။ အိမ်အလုံးပေါင်း ၈ဝဝဝ ဆောက်မယ်။ တအိမ်ကို ၄ သိန်းဆိုတာ မှန်ပါတယ်။ ပထမတုန်းကတော့ ၃ သိန်း၊ အခု ၁ သိန်း ထပ်တိုးပေးထားပါတယ်။ သက်ကယ်၊ ဓနိမိုးမယ်၊ ဝါးနဲ့ပေါ့'' ဟု ပြောသည်။

မြို့နယ် ၉ မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၆၁ အုပ်စု ရွေးထားရာ အချို့ကျေးရွာအုပ်စုများတွင် အိမ်ခြေ ၂ဝဝဝ ကျော်အထိ ရှိသည်။

နေအိမ်များ ပေးအပ်ရန်အတွက် မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းပေးခဲ့ရာ မြို့နယ် ဆရာဝန်ကြီး၊ ပညာရေးမှူးတို့၏ ကြီးကြပ်မှုကို ခံယူကာ တမြို့နယ်လျှင် လက်ထောက် ၄ ဦး ပါဝင်ဖွဲ့စည်းခဲ့သည်။

ဒေါက်တာထွန်းမြင့်က ''သူတို့(ကော်မတီဝင်များ)က ရွာတွေကို ဆင်းရမယ်။ သူတို့နဲ့ ရွာက လူကြီးတွေနဲ့ ရွာသူရွာသားတွေ ငြှိရမယ်။ ကျနော်တို့ ပေးထားတဲ့ သတ်မှတ်ချက် စံနှုန်းတွေ ရှိတယ်။ အဖိုးကြီး၊ အဖွားကြီးတွေ ဦးစားပေးရမယ်။ သူများအိမ်မှာ ကပ်နေရတဲ့ သူတွေကို ဦးစားပေးမယ်။ မုဆိုးမတွေကို ပို ဦးစားပေးမယ်။ အဲဒီလို အချက်တွေ အများကြီး ရှိတယ်'' ဟု ပြောသည်။

ကျေးရွာများတွင်လည်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးဆောင်သည့် အဖွဲ့များအထိ ဖွဲ့စည်းပေးခဲ့ကြသည်။

ဇီးဖြူကုန်းကျေးရွာတွင် ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေ၊ အတွင်းရေးမှူး ဦးအေးကို၊ အဖွဲ့ဝင်များအဖြစ် ဦးတင်ဆန်း၊ ဒေါ်ခင်မာကြည်၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ယုတင်၊ ဒေါ်အေးအေးမြင့်၊ ဦီးအောင်စန်း၊ ဦးမြင့်ဦး၊ ဦးလှကြိုင်၊ ကိုဝင်းအောင်နှင့် ကိုချစ်ကို ဖြစ်သည်။
မဇ္ဈိမသတင်းမှ

Tuesday, March 17, 2009

နိုင်ငံရေးသမား ၂၁ဝဝ ကို လွှတ်ရန် ကုလအရာရှိ တောင်းဆို

မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိသည့်အနက် အများစုမှာ အကျဉ်းနည်းဖြင့် လျှို့ဝှက် စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ အရာရှိကြီးတဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ယမန်နေ့က တင်သွင်းသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တာနာ (ဓာတ်ပုံ - အေပီ)
အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက် စုံစမ်း စစ်ဆေးခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာက ရေးသားခဲ့ခြင်း ဖြစ်သည်။

အရပ်သားများ လုပ်အားပေးနေရခြင်း၊ ထိုင်းမြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်း များစွာ ရှိခြင်းတို့ကိုလည်း အစီရင်ခံစာတွင် တွေ့ရသည်။

ကုလသမဂ္ဂ အရာရှိ၏ အစီရင်ခံစာနောက်ပိုင်းတွင် ဖိအားပေးမှု၊ အရေးယူမှုများ မတွေ့ရပါက အကျိုးရှိမည်မဟုတ်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာပြည် လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့် လေ့လာသူတဦးက ပြောလိုက်သည်။

“လူ့အခွင့်အရေးကောင်စီ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အရင်ကထက် ပိုတဲ့ အရေးယူ ဆောင်ရွက်မှုတွေ၊ နအဖကို ဖိအားပေးမှုတွေ မလုပ်ဘူးဆိုရင် ဒီ အစီရင်ခံစာက အကျိုးရှိမယ်လို့ ကျနော် မထင်ဘူး” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းက ဧရာဝတီသို့ ပြောပြသည်။

အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို ပြန်လည် သုံးသပ်ရန်လည်း တိုက်တွန်းထားသည်။ ဤသို့သော အကြံပြုချက်မျိုးကို အစီရင်ခံစာတွင် ထည့်သွင်းရေးသားခြင်းကြောင့် ယခင် လူ့အခွင့်အရေး ကိုယ်စားလှယ် ပီညဲရိုးနှင့် မစ္စတာ ကင်တာနာ၏ ချည်းကပ်ပုံများ ကွာခြားသည်ဟု ကိုအောင်မျိုးမင်းက ပြောသည်။

“မစ္စတာ ကင်တာနာက ဥပဒေပိုင်းဆိုင်ရာ ရှေ့နေတယောက် ဖြစ်တယ်။ အဲဒါကြောင့် သူ့ရဲ့ သုံးသပ်ချက်ကို ကြည့်မယ် ဆိုရင် တိုင်းပြည် တပြည်မှာ မတရား ဖမ်းဆီးမှုတွေ၊ မတရား ဖြစ်စေမှုတွေ ရှိနေသမျှ ကာလပတ်လုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိဦးမှာပဲ၊ အဲဒါကို ပြုပြင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကို သူ ထောက်ပြတာကတော့ မစ္စတာ ပီညဲရိုး နဲ့ ကွာပါတယ်” ဟု ကိုအောင်မျိုးမင်းက ဆိုသည်။

အစီရင်ခံစာတွင် နိုင်ငံရေးသမားများဘက်မှ ရှေ့နေလိုက်ပေးသူများကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို မိသားစုနှင့် လွန်စွာ ဝေးကွာသော ဒေသရှိ ထောင်များသို့ ပို့ဆောင်ခြင်း၊ မကြာသေးခင်က အကျဉ်းသား ၆၃၁၃ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည် ဆိုသော်လည်း ထိုအထဲတွင် နိုင်ငံရေးသမား ၂၉ဦးသာ ပါဝင်ခြင်း စသည့် အချက်များကိုလည်း ဖော်ပြထားသည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို ကြိုဆိုသင့်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း၂၁ဝဝ မက ဆက်လက် အကျဉ်းကျနေဆဲ ဖြစ်သောကြောင့် တိုးတက်ဖြစ်ထွန်းမှုဟု မမြင်ပါကြောင်း မစ္စတာ ကင်တာနာက အစီရင်ခံချက်တွင် ထည့်သွင်းထားသည်။

စစ်အစိုးရ သံအမတ်ကြီးတဦးကမူ မြန်မာပြည်တွင် ယုံကြည်ချက်ကြောင် အကျဉ်းကျနေသူ မရှိပါဟု ရိုက်တာ သတင်းဌာနသို့ ယနေ့ ပြောကြားလိုက်သည်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ မြန်မာပြည်မှာ မရှိပါဘူး။ တကယ်တော့ ဒီအကျဉ်းသားတွေဟာ မြန်မာပြည်ရဲ့ လက်ရှိ ဥပဒေတွေကို ချိုးဖောက်လို့ အကျဉ်းကျနေတဲ့ သူတွေသာ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး ကောင်စီ အခြေစိုက်ရာ ဆွစ်ဇာလန်ရှိ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးဝဏ္ဏမောင်ဝင်းက ပြောသည်။
ဧရာဝတီ သတင်းမှ

ဒေါ်စုလွှတ်ပေးရေး အယူခံထပ်တင်

စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာနှင့် ပတ်သက်၍ ပြီးခဲ့သည့် သောကြာနေ့က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ထံသို့ မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

(ဓာတ်ပုံ - Eddie Adams / Corbis Outline)
“ကျနော်တို့ ၀န်ကြီးချုပ်ကို စာရေးပြီး မေတ္တာ ရပ်ခံထားတယ်၊ စာတင်လိုက်ပြီ၊ ရေးပြီးတော့ ကျနော့် တပည့် တွေနဲ့ တင်လိုက်တာ၊ ၀န်ကြီးချုပ်ကလည်း နိုင်ငံခြားသွားနေတဲ့ အချိန်ဖြစ်နေတယ်၊ မတ်လ ၁၃ ရက်နေ့ က တင်တာ၊ ဒေါ်အောင်ဆန်းစုကြည် အယူခံနဲ့ ပတ်သက်လို့၊ ကြားနာဖို့ပါ”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောပြ သည်။

ဝန်ကြီးချုပ်ထံသို့ ယခုမေတ္တာရပ်ခံစာ တင်ရခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာတင်ထားသည်မှာ ကြာပြီဖြစ်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို ပြုလုပ်ခြင်းပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အလားအလာတွေ ဘာတွေတော့ ကျနော်တို့လည်း သိပ်မတွက်တော့ဘူးဗျ၊ ဘာကြောင့်လည်း ဆိုတော့ အဲဒါ တွက်ရတာလည်း မောတယ်၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ကြတာပဲ၊ အယူခံ ကိုယ်က တင်ထားတာက လည်း သောင်မတင် ရေမကျဖြစ်နေတယ်၊ ကျနော်တို့ကထပ်ပြီးတော့ မေတ္တာရပ်ခံတာ၊ အယူခံလွှာကို ဆောင် ရွက်ပေးဖို့”ဟု ဦးကြည်ဝင်းကပြောဆိုသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယနေ့တွင် စင်္ကာပူ နိုင်ငံသို့ ရောက်ရှိနေပြီး ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံသို့ သွား ရောက်ခဲ့ကာ ၂ နိုင်ငံ အရေးကိစ္စများကို သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဆွေးနွေးမှုများပြုလုပ်ကြောင်း သိရသည်။

ဦးကြည်ဝင်းက အဆိုပါ အယူခံလွှာနှင့်ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ခွင့်တောင်းသည်ကို အစိုးရအဖွဲ့အနေဖြင့် အယူခံလွှာကိစ္စ ဆောင်ရွက်နေပြီဖြစ်သည့်အတွက် တွေ့ရန် မလိုအပ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ငြင်းဆို ထားခဲ့သည်။

ထိုသို့ အာဏာပိုင်များ ဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်မလိုအပ်၍ဟုဆိုကာ ခွင့်မပြုသော်လည်း ရှေ့နေ ကြီး ဦးကြည်ဝင်းကမူ တွေ့ဆုံရန် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသည့် အခြေခံအချက်၂ ချက်မှာ ပြီးခဲ့သည့် ၂၀၀၈ ခု အောက်တိုဘာ ၉ ရက်နေ့က အယူခံလွှာတင်ခဲ့ပြီဆိုသည်ကို မသိသေးသည့်အတွက် အသိပေးရန်၊ အယူခံလွှာနှင့် ပတ်သက်ပြီး အစိုးရက လျှောက်လွှဲချက်ပေးရန်ခေါ်ဆိုသည့်အချိန်တွင် အသင့်ရေးထားသည့်လျှောက်လွှဲချက်ကို ဒေါ်အောင် ဆန်းစုကြည်နှင့် ဆွေးနွေးရန်ရှိသောကြောင့် ယင်းလျှောက်လွှဲချက်ကို ပြသရန် တို့ဖြစ်သည်ဟု ဦးကြည်ဝင်း က ရှင်းပြသည်။

ထိုအချိန်ကပင် အယူခံကို ဆောင်ရွက်မည့်အစိုးရအဖွဲ့ထံသို့ ဦးကြည်ဝင်းက တိုက်ရိုက် စာရေးတင်ပြရန် အစီ အစဉ်ရှိကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။
အဆိုပါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နှင့်ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်း ခဲ့ခြင်းဖြစ်သည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
ဧရာဝတီသတင်းမှ

Thursday, February 12, 2009

မြန်မာသူပုန်များကို ဖမ်းဆီးထားခြင်းမှာ နိုင်ငံရေးစေ့ဆော်မှုဟုဆို

နယူးဒေလီ။ ။ ကာလကတ္တားမြို့ ပရက်ဆီဒင်စီ ထောင်ထဲတွင် ချုပ်နှောင်ခံထားရသူ မြန်မာသူပုန် ၃၄ ဦးမှာ ဥပဒေကြောင်းထက် နိုင်ငံရေးစေ့ဆော်မှုများကြောင့် ယခုလိုထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း အိန္ဒိယ၏ ထိပ်တန်း လူ့အခွင့်အရေးရှေ့နေ မစ္စ နန်ဒီတာဟက်ဆာက ပြောသည်။

သူတို့သည် ယခုအခါ အိန္ဒိယအကျဉ်းထောင်ထဲတွင် ၁၁ နှစ်ကြာ နေခဲ့ရပြီးဖြစ်သည်။

"ဒီအမှုရဲ့ နိုင်ငံရေးအကြောင်းအချက်တွေကို ကျမ ရှာဖွေဖို့ ကြိုးစားခဲ့ပြီးပါပြီ။ သူတို့ကို ဥပဒေအကြောင်းအချက်တွေအရ ချုပ်နှောင်ထားတယ်လို့ ကျမ မထင်ဘူး။ နိုင်ငံရေးအကြောင်းကြောင့် ချုပ်နှောင်ထားတာသာ ဖြစ်ပါတယ်" ဟု မစ္စ နန်ဒီတာ Nandita Haksar က ပြောသည်။

မစ္စဟက်ဆာ၏ မှတ်ချက်သည် သူ၏ " သူလျိုငလိမ်" ဟူသော စာအုပ်တွင် ဖော်ပြပါရှိခြင်းဖြစ်သည်။

ဤစာအုပ်တွင် မြန်မာသူပုန် ၃၄ ဦး၏ အမှုကို အသေးစိတ် ဖော်ပြထားပြီး၊ သူတို့ကို ဖမ်းဆီးခြင်းနောက်ကွယ်မှ နိုင်ငံရေးအကြောင်းများနှင့် သူပုန်များအပေါ် အိန္ဒိယနိုင်ငံ၏ သစ္စာဖောက်မှုများကို စွပ်စွဲရေးသားထားသည်။

ပြည်ပရောက် မြန်မာလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက သူမ၏ စာအုပ်ကို စတင်ဖွင့်လှစ်ပေးအပြီးတွင် မစ္စဟက်ဆာက အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိတဦးသည် ဤသို့ မြန်မာသူပုန်များအား သစ္စာဖောက်မှုတွင် အရေးပါသောနေရာမှ ပါဝင်ခဲ့ကြောင်းနှင့် ယင်းတို့ကို အန်ဒမန်နှင့် နီကိုဘာကျွန်းစုများရှိ လန်ဖောကျွန်းတွင် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ပြောသည်။

"မြန်မာ့လွတ်မြောက်ရေး တိုက်ပွဲဝင် စစ်သည်တွေကို သစ္စာဖောက်ခဲ့သူဟာ အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိတဦးပါ" ဟု မစ္စဟက်ဆာက ဆက်လက်ပြောဆိုသွားခဲ့ပြီး၊ ဤသူပုန်များသည် ယနေ့တွင် မှန်မှန်ကန်ကန် တရားစီရင်မှုမရှိဘဲ ချုပ်နှောင်ခံနေရသည်မှာ ၁၁ နှစ်တင်းတင်း ပြည့်ခဲ့ပြီဟုလည်း ဆိုလိုက်သည်။

အိန္ဒိယပါလီမန်အနီး နယူးဒေလီမြို့၏ ဂျန်တားမန်တားပန်းခြံအနီးတွင် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်သူ အနည်းဆုံး ၁ဝဝ ခန့်သည် စုဝေးကြပြီး၊ မြန်မာသူပုန်များကို တရားမျှတစွာ စစ်ဆေးစီရင်ရန်နှင့် ချက်ချင်းလွှတ်ပေးရန် ယနေ့ တောင်းဆိုဆန္ဒပြသည်။

ပင်လယ်မျှော့စစ်ဆင်ရေး

သူတို့ကို အန်ဒမန်နှင့် နီကိုဘာကျွန်းစုရှိ လန်ဖောကျွန်းကိုပေးမည်ဟု အယုံသွင်းကာ အိန္ဒိယစစ်ထောက်လှမ်းရေးက သစ္စာဖောက်ခဲ့သည်ဟု ရခိုင်နှင့် ကရင်လူမျိုးများဖြစ်သော အဆိုပါသူပုန်များက ပြောသည်။

သူပုန်များ၏အပြောအရ၊ ကျွန်းပေါ်သို့ရောက်လျှင် အိန္ဒိယစစ်ထောက်လှမ်းရေးက သစ္စာဖောက်ပြီး သူတို့၏အ"ိက ခေါင်းဆောင် ၆ ဦးကို ရက်ရက်စက်စက် သတ်ပစ်လိုက်ကာ ကျန်သူများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ဒပင်လယ်မျှော့စစ်ဆင်ရေးဒ ဟု အမည်ဝှက်ပေးထားသော စစ်ဆင်ရေးအတွင်း လက်နက်မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသည့် သူပုန်များကို လက်နက်ခဲယမ်း အများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ကြေညာခဲ့သည်။

ထို့နောက် ဤသူပုန်များကို ပို့ဘလဲတွင် တရားရုံးမတင်ဘဲ ၈ နှစ်ကြာ ချုပ်နှောင်ထားခဲ့သည်။ နောက်ပိုင်းတွင် သူပုန်များ၏ လျှောက်ထားချက်အရ အိန္ဒိယတရားရုံးချုပ်က သူတို့ကို ကာလကတ္တားရုံးသို့ ပြောင်းရွှေ့၍ နေ့စဉ် စစ်ဆေးရန် ၂ဝဝ၆ ခုနှစ် အောက်တိုဘာလတွင် အမိန့်ချမှတ်ခဲ့သည်။

ထောက်လှမ်းရေး ငလိမ်

သူပုန် ၃၄ ဦး၏ အမှုကို မမောမပန်း လိုက်ပါဆောင်ရွက်ပေးခဲ့သော မစ္စဟက်ဆာက သူ၏ စာအုပ် "သူလျို ငလိမ်" တွင် ဒုဗိုလ်မှူးကြီး ဗွီအက်စ်ဂရေးဝါးလ် (Lt. Col. V.S. Grewal) က ဤသို့ မြန်မာသူပုန်များအား သစ္စာဖောက်ခဲ့သည့် အစီအမံတခုလုံး၌ အဓိကနေရာမှ ပါဝင်ခဲ့သည်ဟု ဖော်ထုတ်ရေးသားတင်ပြထားသည်။

သူမ၏ အဆိုအရ ဂရေးဝါးလ်သည် ရခိုင်ခုခံရေးအဖွဲ့ဝင်များ အ"ိကပါဝင်သည့် တပ်ဖွဲ့ဝင်များအား အန်ဒမန်နှင့် နီကိုဗာကျွန်းစုရှိ လန်ဖောကျွန်းတွင် အခြေချစခန်းတခု ချထားခွင့်ပြုမည်၊ အပြန်အလှန်အားဖြင့် ကိုကိုးကျွန်းရှိ တရုတ်ရေတပ် အခြေစိုက်စခန်းများအား စောင့်ကြည့်လေ့လာပေးရမည်ဟု ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

သို့သော် မြန်မာစစ်အစိုးရနှင့်လည်း ရင်းနှီးခင်မင်သည့် ဆက်ဆံရေးရှိသူ ဂရေးဝါးလ်သည် အဆိုပါသူပုန်များ လန်ဖောကျွန်းသို့ ရောက်ရှိလာသောအခါ ခေါင်းဆောင် ၆ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ်လိုက်ပြီး ကျန်သူများကို ဖမ်းဆီးခဲ့သည်။

စာအုပ်တွင် ရေးသားဖော်ပြထားချက်အရ ချန်ဒီဂပ် (Chandigarh) တွင် နေထိုင်သူ ဒုဗိုလ်မှူးကြီး ဂရေးဝါးလ်ကို ရန်ကုန်မြို့တွင် တွေ့ရှိခဲ့ရပြီး၊ မြန်မာသူပုန်များကို ဤသို့ သစ္စာဖောက်ခဲ့သည့်အတွက် မြန်မာစစ်အစိုးရ၏ အခွင့်အရေးပေးမှုကို ရရှိခံစားခဲ့သည်ဟု ဆိုသည်။

"ဒီကိစ္စကို ဂရေးဝါးလ်တယောက်ထဲ လုပ်ခဲ့တာဆိုရင် ဘာ့လို့ အိန္ဒိယကြည်းတပ်က သူ့ကို အကာအကွယ် ပေးနေရတာလဲ။ ဒီ ထောက်လှမ်းရေး ငလိမ် တယောက်ထဲကိုပဲ အပြစ်ပုံချပြီး လွှဲပြောင်းပေးလိုက်တာက အခုလို ကြာရှည်ကြာများ အငြင်းပွားဖွယ်ကိစ္စကြီးတရပ် ဖြစ်နေရတာထက် ပိုမကောင်းပေဘူးလား" ဟု မစ္စဟက်ဆာက သူမ၏ စာအုပ်တွင် မေးခွန်းထုတ်ထားသည်။

အလားတူပင် မစ္စဟက်ဆာက သူမ၏ စာအုပ်၌ မြန်မာနိုင်ငံအပေါ် ထားရှိသော ရပ်တည်ချက်သဘောထားကို အိန္ဒိယအစိုးရက ပြောင်းလဲခဲ့ပုံ၊ ဒအမျိုးသားအကျိုးစီးပွားဒ ဟူသည့် အကြောင်းပြချက်ဖြင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအား ထောက်ခံအားပေးနေခြင်းကို စွန့်လွှတ်ခဲ့ပုံတို့ကို ရေးသားဖော်ပြထားသည်။

သူပုန်များ

ယခုအခါ ကာလကတ္တားမြို့ တရားရုံးတွင် အမှုဆိုင်နေရသော မြန်မာသူပုန် ၃၄ ဦးသည် သူတို့ကို ထိန်းသိမ်းထားခြင်း ၁၁ နှစ်ပြည့်မြောက်သည့် ယနေ့တွင် ဆန့်ကျင်ကန့်ကွက်သည့်အနေနှင့် အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်ဟု သိရသည်။

သူတို့၏ ရှေ့နေတဦးဖြစ်သော အတ်ရှေးကူးမားရှားမား (Akshay Kumar Sharma) ၏ အဆိုအရ အမှုမှာ အဆုံးသတ်သို့ ရောက်ခါနီးပြီဖြစ်ပြီး၊ တရားလိုဘက်မှ တရားရုံးက တောင်းဆိုသည့် အ"ိကသက်သေများကို ပြသရန် အကြိမ်ပေါင်းများစွာ ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

သို့သော် ဤသို့အမှု အဆုံးသတ်ခါ နီးလာသည်နှင့်အမျှ သူတို့အနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဤသို့ မရပါက ဆက်လက်ထိန်းသိမ်းခံရခြင်းသော်၎င်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားသား အက်ဥပဒေအရ မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းသော်၎င်း ခံရနိုင်သည်ဟု တရားခံရှေ့နေက ပြောသည်။

သူတို့ကို လက်ခံရန် ချက်သမ္မတနိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့က မူအားဖြင့် သဘောတူညီထားပြီးဖြစ်သော်လည်း သူတို့နိုင်ငံများအနေဖြင့် (UNHCR) ၏ ထောက်ခံချက်ကိုမူ လိုအပ်လျက်ပင် ရှိသေးကြောင်း သိရသည်။

မဇ္ဈျိမ သတင်းမှ

Wednesday, February 11, 2009

မူးလဲခဲ့သော ဂုဏ်ပြုတပ်သား ဖမ်းဆီးခံရ

နေပြည်တော်သို့ လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံ ဒုသမ္မတ ရှရီ အမ် ဟာမစ် အန်စရီ၏ ယခုလ ၅ ရက်နေ့က ကြိုဆိုရေး ဂုဏ်ပြုတပ်ဖွဲ့မှ စစ်သည်တဦး မူးလဲကျခဲ့ရာ ယခုအခါ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

ဂုဏ်ပြုတပ်ဖွဲ့ ရှေ့ဆုံးတန်းမှ မူးလဲကျနေသော စစ်သည်၏ ရုပ်ပုံလွှာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် အစိုးရထုတ် သတင်းစာများဖြစ်သော ကြေးမုံနှင့် New Light of Myanmar ၏ မျက်နှာစာတွင် ပါရှိခဲ့သည်။

ထိုဓာတ်ပုံပါလာခဲ့မှုကြောင့် ပြန်ကြားရေးဌာနမှ ၀န်ထမ်းများ ပေါ့ဆသည်ဟုဆိုကာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း အား နအဖ စစ်အုပ်စု နံပါတ်နှစ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ပြစ်တင်ဝေဖန်ခဲ့သည်။

အဆိုပါ နေ့စဉ်ထုတ်သတင်းစာများမှာ စစ်အစိုးရ ၀ါဒဖြန့်ချိသော သတင်းစာများဖြစ်သည်။

စစ်သည်မှာ ပူပြင်းသော ရာသီဥတုဒဏ်ကြောင့် မူးလဲကျခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်အခြေစိုက် သတင်းသမားတဦးက ဆိုသည်။ မည်သည့်အတွက်ကြောင့် သူ့အား ချုပ်နှောင်ထားခြင်းဖြစ်သည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

အိန္ဒိယ ဒုသမ္မတသည် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။

မဇ္ဈိမသတင်းမှ

Tuesday, February 10, 2009

စုလွတ်မြောက်ရေး လူထုလှုပ်ရှားမှု ရန်ကုန်မှာစပြီ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကို ထောက်ခံသည့်အနေဖြင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ နေရာအနှံ့တွင် စာတန်းများကပ်ပြီး ပိုစတာများ ချိတ်ဆွဲခဲ့သည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံခြင်းနှင့် လူထုတရပ်လုံး ပါဝင်လာအောင် နှိုးဆော်ထားသည့် ထုတ်ပြန်ကြေညာချက်များကို လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ရဲဘော်များက လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ခြင်း၊ ကြဲချခြင်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ဟု စုံစမ်းသိရသည်။

“ကျနော်တို့အနေနဲ့ကတော့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ဘယ်အဖွဲ့စည်းကပဲ ဘာပဲလုပ်လုပ် ပြည်သူများအနေနဲ့ ပါဝင်ဆောင်ရွက်စေချင်ပါတယ်” ဟု အဆိုပါ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တွင် ပါဝင်သူ လူငယ်တဦးက ပြောကြားသည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် လူထုတိုက်ပွဲ ဖော်ဆောင်ရေး ကော်မတီ (ရန်ကုန်တိုင်း) တို့ က ပူးပေါင်းဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့ စည်းစဉ်ကပင် လူထုအား အသိပေးလှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါလူငယ်က ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီမှ ထုတ်ပြန်ထားချက်အရ ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်သည့်ကာလများမှ-
ပထမအကြိမ်- ၁၉၈၉ ခု ဇူလိုင် (၁၉) ရက်မှ ၁၉၉၅ ခု ဇူလိုင် (၁၀) ရက်ထိ၊
ဒုတိယအကြိမ်- ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၂၁) ရက်မှ ၂၀၀၂ ခု မေလ (၆) ရက်ထိ၊
တတိယအကြိမ်- ၂၀၀၃ ခု မေ (၃၀) ဒီပဲယင်းအရေးအခင်းမှ ယနေ့ထိ ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံသည့်ပုံစံမျိုးမှ လူစုလူဝေးဖြင့် စစ်အစိုးရကို တောင်းဆိုသည့်ပုံစံမျိုးထိ နှစ်သက်ရာ ပုံစံမျိုးစုံဖြင့် ထောက်ခံနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောခဲ့သည်။

ခေတ်ပြိုင်သတင်းမှ

Monday, February 9, 2009

အခြေခံ ဥပဒေ တရားမ၀င်ဟု SSA (တောင်ပိုင်း) ပြောကြား

ချင်းမိုင် ။ ။ နအဖ သည် စစ်အာဏာ တည်မြဲရေးအတွက်သာ အစဉ်တစိုက် လုပ်ဆောင်နေပြီး၊ မေလ ဖွဲ့စည်းပုံ ဥပဒေသည် တရားမဝင်ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S က ယနေ့ ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ အပါအဝင် အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နအဖ က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရန် အနုနည်း၊ အကြမ်းနည်းများဖြင့် စည်းရုံး သိမ်းသွင်းနေသည့်အပေါ် SSA-S က ဝေဖန် ပြောကြားခြင်း ဖြစ်သည်။

"နအဖ က သူ့ရဲ့ စစ်အာဏာ သက်ဆိုးရှည်ဖို့ ကြိုးစားနေတာ။ တိုင်းရင်းသား အဖွဲ့တွေက သူတို့ရဲ့ နိုင်ငံရေး ဦးတည်ချက်အရ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ နအဖ ရေးထားတဲ့ အခြေခံဥပဒေက ပြည်သူတွေရဲ့ သဘောထားဖြစ်တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေရဲ့ သဘောထားမပါဘူး။ အပစ်ရပ်စဲရေးတွေ စုပေါင်းပြီး အခြေခံဥပဒေမှာ ထည့်သွင်းဖို့၊ လိုချင်တဲ့အချက်တွေ တင်ပြတယ်ဆိုပေမယ့် ရတာမရှိဘူး။ ဒီအခြေခံ ဥပဒေကို မူတည်ပြီး ရွေးကောက်ပွဲလုပ်မှာ ဖြစ်လို့ တိုင်းရင်းသားတွေက လက်ခံနိုင်မှာ မဟုတ်ဘူး" ဟု SSA-S လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တောင်းဆိုချက်သည် မြန်မာ့နိုင်ငံရေး ပြဿနာတချို့ ပြေလည်စေရေးအတွက် အရေးကြီးသည့် တောင်းဆိုချက်ဖြစ်ကြောင်း သူက ပြောသည်။

သူက ဆက်၍ "ပြီးတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရော၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် ထုတ်ပေးရမယ်။ နောက်တဆင့်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးတော့ အခြေခံ ဥပဒေအသစ် ပြန်လည် ရေးဆွဲရမယ်။ ဒါဆိုရင် အဖွဲ့အစည်း အားလုံးကလည်း လက်ခံနိုင်တဲ့ သဘောမျိုးဖြစ်ပြီးတော့ နိုင်ငံရေး ပြဿနာတချို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်" ဟု ဆိုသည်။

ယခုလ ၇ ရက်နေ့က ကျရောက်ခဲ့သော ၆၂ နှစ်မြောက် "ရှမ်းပြည်အမျိုးသားနေ့" ကို SSA-S ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် SSA-S ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်သော ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီ (RCSS) က ဦးစီး ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရသော်လည်း ရှမ်းပြည်သူများသည် စစ်မှန်သည့် လွတ်လပ်ရေးမရဘဲ စစ်အာဏာရှင်စနစ်အောက်တွင် ဖိနှပ်ခံနေရဆဲ ဖြစ်ကြောင်းနှင့် လက်ရှိပြည်ထောင်စုသည် အတုအယောင် ပြည်ထောင်စုသာ ဖြစ်ပြီး မိမိတို့ အခွင့်အရေး ရရန်အတွက် စည်းလုံးညီညွတ်မှု လိုအပ်ကြောင်း SSA-S ဥက္ကဋ္ဌ ဗိုလ်မှူးကြီးယွက်စစ်က အဆိုပါပွဲ၌ ပြောကြားခဲ့သည်။

ပွဲသို့ သံဃာတော်များ၊ ရှမ်းလူထုများ၊ SSA-S အဖွဲ့ တာဝန်ရှိသူနှင့် တပ်ဖွဲ့ဝင်များ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝအမျိုးသားအဖွဲ့ WNO၊ လားဟူအဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ ကိုယ်စားလှယ်များ စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့သည်။

မဇ္ဈိမသတင်းမှ

Friday, February 6, 2009

နေပြည်တော်ညွှန်မှူးပေါင်းစုံကို ရွေးကောက်ပွဲစည်းရုံးခိုင်းရန် ပြင်ဆင်

၆ ဖေဖော်ဝါရီ ၂၀၀


နေပြည်တော် ၀န်ကြီးဌာနပေါင်းစုံမှ ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာအဆင့်များအား ၂၀၁၀ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများတွင် အသုံးချရန်အတွက် ၎င်းတို့၏ ကိုယ်ရေးရာဇ၀င် အချက်အလက် အသေးစိတ်ပေးရန် နိုင်ငံတော်အေးချမ်းသာယာရေးရုံးမှ တောင်းထားသည်။

ဝန်ကြီးဌာနပေါင်းစုံမှ ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာအဆင့်များ၏ ကိုယ်ရေးရာဇ၀င် အချက်အလက်ပေါင်း (၄၀)၊ မိသားစုပါသည့် ကိုယ်ရေးအချက်အလက်ပေါင်း (၄၀) နှင့် ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာအဆင့်များ၏ ငယ်စဉ်မှစသည့် ပညာရေးဆိုင်ရာ အချက်အလက်ပေါင်း (၁၃) ချက် စသည်တို့ကို အမြန်ပို့ပေးရန် တောင်းခံထားခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓမ္မအတည်ပြုနိုင်ရေးအတွက် အဆိုပါ နေပြည်တော် အရာထမ်းများအား အသုံးချခဲ့သည့်နည်းတူ လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ညွှန်ကြားရေးမှူး သို့မဟုတ် အထွေထွေ မန်နေဂျာတဦး၏ လက်အောက်ခံ ၀န်ထမ်းတဦးဦးက သတ်မှတ်ထားသည့် စစ်အစိုးရလိုလားသူ အမတ်အား မဲမပေးလျှင် ခေါင်းဆောင် ညွှန်ကြားရေးမှူး သို့မဟုတ် အထွေထွေမန်နေဂျာအား ပြင်းပြင်းထန်ထန် အရေးယူမည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။

ခေတ်ပြိုင်သတင်းမှ

ဘန်ကီမွန်း တိုက်တွန်းချက် အတိုက်အခံများကြိုဆို

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများကြား ထိရောက် အကျိုးရှိသည့် ဆွေးနွေးမှုများ ချက်ချင်း ပြုလုပ်ရန် တိုက်တွန်း ပြောကြားချက်ကို အတိုက် အခံများက ကြိုဆိုလိုက်သည်။

ကုလသမဂ္ဂက ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသော မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ယခုကဲ့သို့ တိုက်ရိုက် ဆွေးနွေးရန် တိုက်တွန်းချက်ကို ၎င်းတို့အနေနှင့် သဘောတူလက်ခံသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောသည်။

“ကျနော်တို့ သိရှိသလောက် ယူအန်က တောက်လျှောက် တိုက်တွန်းနေတဲ့ ကိစ္စ၊ တိုက်ရိုက်ဆွေးနွေးတာတွေ မလုပ်ရသေးဘူး၊ တိုက်ရိုက်ဆွေးနွေးမှသာ အဖြေပေါ်မယ်၊ ဒါကို ယူအန်က ဆက်လက်တိုက်တွန်းနေတယ်၊ ဒါကိုတော့ ကျနော်တို့ သဘောကျပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ ဂန်ဘာရီက ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ယမန်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရောက်ရှိနေသော မစ္စတာဘန်ကီမွန်းထံသို့ သွားရောက် အစီရင်ခံပြီး နောက် ဘန်ကီမွန်းက ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည် ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ မစ်ရှဲလ် မွန်းတာ့စ် ကပြောသည်။

“အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာ စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေအကြား ကြိုတင်သတ်မှတ် ချက်တွေ မရှိဘဲ ခြေခြေမြစ်မြစ်ရှိတဲ့ ပြောဆိုဆွေးနွေးမှုတွေ အမြန်ဆုံးပြန်စသင့်ပြီလို့ ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ယင်းဆွေးနွေးမှုများတွင် ကုလသမဂ္ဂကပါ အပြည့်အ၀ ပါဝင် လုပ်ဆောင်စေချင်သည်ဟု ပြောသည်။

“မြန်မာ့ နိုင်ငံရေးအကြပ်အတည်းအတွက် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ အကောင်းဆုံးဖြစ်ပါတယ်” ဟု လည်း ဦးအေးသာအောင်က ပြောဆိုသည်။

သို့သော် လက်ရှိအခြေအနေတွင် အဓိပ္ပာယ်ပြည့်ဝသည့် အစစ်အမှန် တွေ့ဆုံဆွေးနွေးရေးများ ပြုလုပ်နိုင်သည့် အခွင့်အရေးရရှိရန် မဖြစ်နိုင်ကြောင်း၊ ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူများကို မကြာသေးခင်လများအတွင်း က ကြီးလေးသည့် ထောင်ဒဏ်ချမှတ်မှုများရှိခဲ့သည့်အတွက် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“စစ်အစိုးရက ကုလသမဂ္ဂပြောဆိုတာ တွေကို တလေးတစား နားထောင်လေ့မရှိပါဘူး၊ အချိန်ဆွဲနေခြင်းသာ ဖြစ်တယ်၊ အတိုက်အခံအင်အားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဆန္ဒမရှိဘူး၊ ဒါကြောင့် ကုလသမဂ္ဂက မြန်မာ့အရေးကို လုံခြုံရေးကောင်စီတင်သင့်ပါတယ်”ဟုလည်း ဦးအေးသာအောင်က ဆက်လက်ပြောဆိုသည်။

ဧရာဝတီသတင်းမှ

Thursday, February 5, 2009

ထိုင်းတက္ကသိုလ်ကျောင်းသူ (၇၀) ရာနှုန်း အချိန်ပိုင်း အွန်လိုင်း ပြည့်တန်ဆာဖြစ်နေ

ထိုင်းတက္ကသိုလ်ကျောင်းသူ (၇၀) ရာနှုန်း
အချိန်ပိုင်း အွန်လိုင်း ပြည့်တန်ဆာဖြစ်နေ
NEJ/ ၄ ဖေဖော်ဝါရီ ၂၀၀၉



ထိုင်းတက္ကသိုလ်ကျောင်းသူ (၇၀) ရာနှုန်းသည် အင်တာနက်ပြည့်တန်ဆာခန်း ၀ဂ်ဆိုက်များသို့ ခန္ဓာကိုယ် အချိန်ပိုင်း ရောင်းစားရန် ဆက်သွယ်ခဲ့ကြသည်ဟု တက္ကသိုလ် လူထုဆန္ဒစစ်တမ်းကို ကိုးကားပြီး ထိုင်းသတင်းစာများတွင် ဖော်ပြထားသည်။

ဆူအမ်ဒူးဆစ် ရာဇဘတ် တက္ကသိုလ်မှ ထုတ်ပြန်သည့် ဆူအမ်ဒူးဆစ် လူထုဆန္ဒစစ်တမ်းတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုင်းတက္ကသိုလ်ကျောင်းသူများကို ပျော်ပါးရန်ဆက်သွယ်နိုင်သည့် အင်တာနက်ဝဂ်ဆိုက်ပေါင်း (၁,၀၀၀) ကျော်ရှိကြောင်း ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီရင်ခံချက်ကို မအံ့သြမိကြောင်း စစ်တမ်းကောက်ရေးအဖွဲ့ လက်ထောက်ပါမောက္ခ ဆူခွန်ချာလိုဆက်က ပြောသည်။

ထိုင်းတက္ကသိုလ်များ၌ အင်တာနက်ပြည့်တန်ဆာများ ပေါ်ပေါက်နေသည့်ပြဿနာကို အသိအမှတ်ပြုရန်နှင့် စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ တက္ကသိုလ်အကြီးအကဲများကို လက်ထောက်ပါမောက္ခ ဆူခွန်က တိုက်တွန်းထားသည်။

သို့သော် ၂၀၀၂ ခုနှစ်ကပင် မလေးရှား ထိုင်းနယ်စပ်ရှိ ဟတ်ယိုင်မြို့တွင် နိုင်ငံခြားသားများအတွက် အငှားမယား လုပ်စားပြီး ကျောင်းတက်နေသည့် တက္ကသိုလ်ကျောင်းသူများရှိနေကြောင်း Bangkok Post သတင်းစာက အကျယ်တ၀င့် ဖော်ထုတ်ရေးသားခဲ့သည်။

ထိုင်းတက္ကသိုလ်ကျောင်းသူများ အချိန်ပိုင်း အွန်လိုင်း ပြည့်တန်ဆာဖြစ်နေရခြင်းအနက် ကျဆင်းနေသည့် ထိုင်းစီးပွားရေးကြောင့် ငွေပိုရအောင် ကျောင်းသူများ ရှာရခြင်းဖြစ်သည်ဟု လက်ထောက်ပါမောက္ခ ဆူခွန်ချာလိုဆက်က ယူဆသည်။

လူထုအတွက် အကောင်းဆုံးကို အန်အယ်လ်ဒီ တောင်းဆို

အန်အယ်လ်ဒီကို စစ်အစိုးရ ရာဇသံပေး
ို
မင်းနိုင်သူ/ ၅ ဖေဖော်ဝါရီ ၂၀၀၉



ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုရမည်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပြည်သူလူထု ထောက်ခံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ပြားအောင်၊ ထိခိုက်အောင် လုပ်ဆောင် လာမှု မှန်သမျှကို ဆန့်ကျင်ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ခပ်တင်းတင်း ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး ခေတ်ပြိုင်က မေးမြန်းရာ ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားလျှင် ပြည်သူများ တခဲနက်မဲပေး ရွေးချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အဘယ့်ကြောင့် အသိအမှတ် မပြုသနည်းဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေကို နအဖစစ်အစိုးရက နာဂစ်ဖြစ်ပြီးစအချိန် ၂၀၀၈ မေလအတွင်း နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကို လက်မခံဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး (၉၂.၄၈) ရာခိုင်နှုန်း ထောက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် အန်အယ်လ်ဒီက အဆိုပါအခြေခံဥပဒေကို ပြန်သုံးသပ်ပေးရန် စစ်အစိုးရထံ တောင်းဆိုထားသည်။

“ကျနော်တို့ ပြန်လည်သုံးသပ်ရေးမူနဲ့ နအဖလုပ်နေတာတွေ နီးစပ်ပါ့မလားဆိုတော့ ရှေ့အလားအလာသုံးသပ်ရမှာ ခက်ပါတယ်။ အခုပြောသွားတဲ့အထဲမှာကိုက တရားမျှတမှုမရှိတာတွေ အများကြီးပါနေတယ်။ ပြည်သူ့ဆန္ဒကို လေးစားတယ်ဆို ပြည်သူတွေ ရွေးကောက်ထားတဲ့ ၁၉၉၀ ရလဒ်ကို ဘာဖြစ်လို့ အသိအမှတ်မပြုတာလဲ။ ကျနော်တို့က ဒီလိုပြန်ပြောချင်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အန်အယ်လ်ဒီအနေဖြင့် တောင်းဆိုထားချက်များ ရနိုင်မည့်အသွင်လက္ခဏာ မတွေ့ရကြောင်း၊ သို့သော် တိုင်းပြည်နှင့်လူထုအတွက် အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးကို တောင်းဆိုထားခြင်းကြောင့် ထိုအတိုင်းသာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ မရခဲ့လျှင် မည်ကဲ့သို့လုပ်ဆောင်သွားမည်ဆိုသည့် မူဝါဒဆိုင်ရာ ကိစ္စများကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။

အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့်စပ်လျဉ်း၍ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ထိပ်တိုက်တွေ့ရမယ့် သဘောတောင်ဖြစ်နေတယ်ပေါ့။ အစိုးရကလည်း ဒီဥပဒေကိုကိုင်ပြီး ရွေးကောက်ပွဲ လုပ်မယ်။ ရွေးကောက်ပွဲပျက်အောင် လုပ်တဲ့သူတွေကို အရေးယူသွားမယ်ဆိုတာတွေက ဂမ်ဘာရီ မလာခင် ကတည်းက ပြောဆိုလုပ်ကိုင်ပြနေတာပဲ။ ဖွဲ့စည်းပုံကန့်ကွက်တဲ့သူတွေကို ဖမ်းတာဆီးတာတွေ လုပ်ခဲ့တာပဲကိုး။ တင်းတင်းကျပ်ကျပ်လုပ်တာကို တွေ့ရတယ်လေ။၂၀၁၀ ရွေးကောက်ပွဲကို နှောင့်ယှက်တယ်လို့ ယူဆရင် အစိုးရကတော့ ဖမ်းဆီးထောင်ချနေမှာပဲ။ အခုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချနေတာပဲလေ။ ဆိုတော့ အဲဒီအချိန်ကျတော့ အန်အယ်လ်ဒီဘက်က (၅) သောင်း၊ (၁) သိန်း ဖမ်းချင်ဖမ်းကွာဆိုပြီးတော့ ဆန္ဒပြမယ့်လူ ရှိသလား မရှိဘူးလား။ သူတို့ ကန့်ကွက်ပွဲအောင်နိုင်ဖို့ရာက အနည်းဆုံး လူတသောင်းလောက် ထောင်ကျခံရဲတဲ့သူ ရှိသလား။ ဒါပဲ။ အဲဒီပေါ်မှာ တည်နေတယ်လေ။ အစိုးရဆိုတာကတော့ သူ့လက်ရှိအာဏာကို လက်မလွှတ်ချင်တာ သဘာဝပဲ” ဟု သုံးသပ်ပြောဆိုသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း အခြေအနေနှင့် အချိန်အခါပေါ် မူတည်သည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ပြောခြင်းသည် မြန်မာစစ်အစိုးရဘက်က ဘန်ကီမွန်း ကို လက်ခံလိုခြင်း မရှိဆိုသည့် သဘောဖြစ်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့က ယူဆသည်။

ဂမ်ဘာရီအား နအဖပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ကျော်ဆန်း၏ ရှင်းလင်းပြောဆိုချက်များကို ချုပ်ကြည့်လျှင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘာရီ၏ ကမ်းလှမ်းချက်များကို အနုနည်းဖြင့် ငြင်းပယ်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်တောင်းထားသည့် အန်အယ်လ်ဒီကိုလည်း ရာဇသံပေးသည့် သဘောဆောင်သည်ဟု အတိုက်အခံအချို့က ယူဆသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထောင်ခွင့်၊ စည်းရုံးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်များ ကျယ်ကျယ်ပြန့်ပြန့် ရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် မည်သည့်လတွင် ကျင်းပမည်၊ ရွေးကောက်ပွဲဥပဒေကို မည်သည့်အချိန် ထုတ်ပြန်ပေးမည် စသည်တို့ကိုမူ ဖြေကြားသွားခြင်းမရှိပေ။

88 သစ္ဏာဖောက် အေးလွင် ဗြောင်လိမ်နေတယ်ဗျို

ကိုအေးလွင် ဂမ်ဘာရီကို ဘာတွေပြောခဲ့လဲ

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 03 2009 17:54 - မြန်မာစံတော်ချိန်

စစ်အစိုးရ လိုလားသည့် ကိုအေးလွင် ဦးစီးသော ၈၈ မျိုးဆက် ကျောင်းသားလူငယ်အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီနှင် ယနေ့နံနက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကိုအေးလွင်ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်း (ချင်းမိုင်) က ဆက်သွယ်မေးမြန်းရာတွင် ကုလနှင့် မစ္စတာဂမ်ဘာရီအပေါ် သူတို့အဖွဲ့ သဘောထားနှင့် ကုလကိုယ်စားလှယ်က မြန်မာ့အရေးတွင် မြင်သာထင်သာရှိသည့် လူအများ၏ ရပ်တည်ချက်ဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဟူသော ပြောကြားချက်များကို တင်ပြလိုက်ပါသည်။

ကိုအေးလွင်တို့အဖွဲ့ ဒီနေ့ မစ္စတာဂမ်ဘာရီနဲ့ တွေ့တယ်လို့ သိရပါတယ်။

ဟုတ်ပါတယ်။ ဒီမနက် ၈ နာရီ ၅၀ မှာ ဆုံတာပါ။ မိနစ် ၃၀ လောက် ကြာပါတယ်။ ရန်ကုန် နိုင်ငံတော်ဧည့်ဂေဟာ စိမ်းလဲ့ကန်သာမှာ တွေ့ပါတယ်။ ကျနော်တို့ဘက်က ၄ ယောက်ပါတယ်။ မစ္စတာဂမ်ဘာရီဘက်ကတော့ သူအပါ ၂ ယောက်ပေါ့။

ဘာတွေကို အဓိကထား ဆွေးနွေးဖြစ်ပါသလဲဗျ။

ကျနော်တို့ဘက်က အဓိက ဆွေးနွေးတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက ၁၉၉၀ ရွေးကောက်ပွဲအပြီး အမျိုးသားညီလာခံ မကျင်းပခင် ၁၉၉၂ ခု အလုံက သမ္မတအိမ်တော်ဝန်းထဲမှာ အန်အယ်ဒီပါတီခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေပါပြီးတော့ ဆွေးနွေးတယ်။ အဲဒီမှာ တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်နိုင်ရေးကို အန်အယ်ဒီက လက်ခံခဲ့တယ်။ လက်ခံပြီးတော့ ၁၉၉၆ မှာ အခြေခံမူတွေ ချခဲ့တယ်။ သိပ်မကြာခင်မှာ ဒေါ်စု ပြန်လွတ်လာပြီးကာမှ အငြင်းပွားစရာတွေဖြစ်လာပြီး အန်အယ်ဒီက ညီလာခံထဲကနေ ထွက်သွားတယ်ဗျာ။

အမျိုးသား ညီလာခံပြီးတော့ ၂၀၀၈ မေလထဲမှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲလုပ်တယ်။ အဲဒီမှာလည်းပဲ အဲဒီပါတီ (အန်အယ်ဒီ) နဲ့ ဒေါ်အောင်ဆန်းစုကြည် မဲပေးတယ်။ ၂၀၀၈ မေလထဲမှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲအရ ဖွဲ့စည်းပုံက အတည်ဖြစ်သွားပြီ။ အဲဒါကို အန်အယ်ဒီပါတီက စစ်တပ်က ပါဝင်တဲ့ကိစ္စပေါ်မှာ အငြင်းပွားနေတယ်။ အဲဒီလို လုပ်နေတဲ့ကိစ္စက ဒီမိုကရေစီရဲ့ သဘောသဘာဝနဲ့ မကိုက်ညီဘူး။ ဆန္ဒခံယူပွဲမှာ မမှန်မကန် လုပ်တယ်လို့ မြင်ရင်လည်း ဘာတွေလဲဆိုတာ တရားဝင်ပုံစံနဲ့ တင်ပေါ့။ ဒီလို ပြောနေလို့မရဘူး။

နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ personal ကိစ္စပေါ့။ personal ကိစ္စဆိုပေမယ့် လျစ်လျှူရှုလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုဟာက မြန်မာ့နိုင်ငံရေးမှာ ဝင်ပါတာ အငြင်းပွားဖွယ်ရာ ဖြစ်နေတယ်။ ဘာလဲဆိုတော့ သူ့သား ၂ ဦးပေါ့ဗျာ။ သူတို့က အင်္ဂလန်နိုင်ငံအစိုးရရဲ့ အစောင့်ရှောက်ခံတွေ ဖြစ်နေတယ်။ ဆိုတော့ သားနှစ်ယောက်ကပဲ အင်္ဂလန်နိုင်ငံသား အဖြစ်ကနေ စွန့်လွှတ်မလား၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဥပဒေကြောင်းအရ သားအဖြစ်ကနေ စွန့်လွှတ်မလား။ သူ့သား နှစ်ဦးက အင်္ဂလန်နိုင်ငံမှာ အင်္ဂလန်နိုင်ငံသားအဖြစ် အစောင့်ရှောက်ခံထားရတယ်။ အင်္ဂလန်နိုင်ငံက သူ့သား နှစ်ဦးဆီ သွားလို့ရှိရင် သူလည်း အစောင့်ရှောက်ခံရတာပဲ။

ဖွဲ့စည်းပုံ ဥပဒေအရရော၊ နောက်ပြီးတော့ election law တွေအရ ပြဋ္ဌာန်းထားတယ်။ ၄၇ က စတယ်။ နောက် ၆၂ အာဏာသိမ်းပြီးတော့ ၇၄ ခု ဖွဲ့စည်းပုံ။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ကန့်သတ်ထားပါတယ်။ ဥပဒေကြောင်းအရ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစည်းဝိုင်းထဲမှာ မရှိတဲ့ လူက သူ့ကို ပြည်သူလူထုက Mandate ပေးထားပါတယ် ဆိုတာကို ကမ္ဘာက လက်ခံမလား။ အဲဒီဟာက နိုင်ငံရေးဖြစ်ပေါ်မှုမှာ နောက်ဆုတ်သွားတဲ့ အကြောင်းတရပ်ထဲမှာ ပါတယ်။ ဖွဲ့စည်းပုံက ပြင်လို့မရဘူး။ တကယ်လို့ ပြင်ရမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) က ပြင်ရမှာဗျ။ အဲဒါကို မစ္စတာဂမ်ဘာရီအနေနဲ့ ကုလသမဂ္ဂကို သေချာပြောပြပါ။ တောင်းဆိုပါ။ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။ တောင်းဆိုပါတယ်လို့ ပြောလိုက်တယ်။

လွှတ်တော်မှာ စစ်တပ်က အရွေးမခံဘဲ ၂၅ ရာခိုင်နှုန်း ပါဝင်မယ်ဆိုတဲ့ကိစ္စကို ဆွေးနွေးတယ်လို့ သိရပါတယ်။ ရှင်းပြပေးပါလား။

တပ်က ၂၅ ရာခိုင်နှုန်းပါနေတဲ့ကိစ္စဟာ အန်အယ်ဒီကိုယ်တိုင်က ဒီညီလာခံစကတည်းက ဒါကို လက်ခံခဲ့တယ်။ နောက်ကျမှ ဒါကို ပြန်ပြင်ပေးပါ၊ ပြန်သုံးသပ်ပေးပါ လျှောက်ပြောနေတော့ မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ ပြည်သူလူထုအပေါ်မှာ တာဝန်မဲ့ရာ ကျတယ်။ ကျနော်တို့ကတော့ သဘာဝမကျဘူးလို့ မြင်တယ်။ ဒါကြောင့်ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူး။ ဒါကို ကုလသမဂ္ဂ အနေနဲ့လည်း ချင့်ချိန်သင့်ပါတယ်လို့ ကျနော်တို့ပြောလိုက်တယ်။

ကိုအေးလွင်တို့ရဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) က တပ်မတော်က ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ပါမယ်ဆိုတာကို လက်ခံတဲ့ သဘောလားဗျ။

အဲဒီကိစ္စလည်း ကျနော် မစ္စတာဂမ်ဘာရီကို ရှင်းပြပါတယ်။ ဒီသဘောထားတွေကို တပ်မတော်အစိုးရနဲ့ ဒီမိုကရေစီရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးနဲ့ပတ်သက်ပြီး အခြေခံမူတွေ ချမှတ်ရေး ဆွေးနွေးခဲ့တဲ့အချိန်မှာ ကျနော်တို့ ပါဝင်ခွင့် မရခဲ့ဘူးလေ။ အလုံလမ်း သမ္မတအိမ်တော်ဝန်းမှာ ဆွေးနွေးတုန်းက ကျနော်တို့ မပါခဲ့ရဘူးလေ။ ဒါ အန်အယ်ဒီက ရပ်တည်ပေးခဲ့ပြီးတော့ ဖြစ်လာတဲ့ကိစ္စပဲ။ ဒါကို ကျနော်တို့က အမွေတခုအနေနဲ့ ဆက်ခံပြီးတော့ ပြောနေရတာ။ အဲဒီကိစ္စကို ဒီနေ့အချိန်မှာ ကိုယ်က တာဝန်မရှိသလို ပြောပြီး၊ လျှောက်လုပ်နေတဲ့ကိစ္စက ပိုပြီးတာဝန်မဲ့တယ်။ မြန်မာ့နိုင်ငံရေးမှာ လွတ်လပ်ရေး မရခင်ကတည်းက တပ်က ပါဝင်ခဲ့တာ။ များသောအားဖြင့် တပ်ကပဲ တာဝန်ယူခဲ့တာ။ လက်ရှိ အသွင်ကူးပြောင်းမှုကာလမှာ တပ်မတော်က အကန့်အသတ်နဲ့ ပါဝင်တဲ့ကိစ္စကို အခိုက်အတန့်အနေနဲ့ပေါ့။ သူတို့ (တက်မတော်) ပါတဲ့ကိစ္စက မပါတဲ့ကိစ္စထက် ပိုကောင်းမယ်လို့ ယူဆတယ်။ သူတို့ ယုံကြည်တဲ့ကိစ္စ၊ ကျနော်တို့ ယုံကြည်တဲ့ကိစ္စ နားလည်နိုင်မှာပေါ့။ အချိန် အတိုင်းအတာတခုမှာ တပ်မတော်က သူ့ဘာသာ ပြန်ဆုတ်သွားအောင် ဖန်တီးရမှာပါ။

နောက်တချက်က မြန်မာနိုင်ငံမှာ နိုင်ငံတကာက ပိတ်ဆို့ထားတဲ့ကိစ္စမှာ အန်အယ်ဒီကရော၊ ယူအန်ကရော ဖယ်ရှားပေးဖို့ပေါ့။

နောက်တချက်က ကုလသမဂ္ဂက အန်အယ်ဒီရဲ့ အလိုကျ လိုက်လို့ရှိရင် ယူအန်အနေနဲ့ လွဲမှားနိုင်တယ်ဆိုတာ။ အပြုသဘောဆောင်တာမျိုး ကုလသမဂ္ဂက လုပ်ဆောင်ဖို့ပေါ့။

ယူအန်က အပြုသဘောမဆောင်ဘူးလို့ ကိုအေးလွင်တို့က ယူဆလို့လား။

အခုနောက်ပိုင်းတော့ တရွေ့ရွေ့တော့ ပြောင်းလာပါတယ်။ ယူအန်ကိုယ်တိုင်ကလည်း အပြုသဘောမဆောင်ပါဘူး။ မစ္စတာဂမ်ဘာရီ ကိုယ်တိုင်ပေါ့ဗျာ။ ဒေါ်စုက ပေးလိုက်တဲ့ စာကို အပြင်မှာထုတ်တဲ့ကိစ္စ။ ဒါဟာ ယူအန် ကိုယ်စားလှယ်အနေနဲ့ မလုပ်အပ်ဘူး။ ဒါတွေက မဖြစ်သင့်ဘူး။

အဲဒီ ဆွေးနွေးမှုတွေအပေါ် မစ္စတာဂမ်ဘာရီက ဘယ်လို ပြန်ဆွေးနွေးလဲဗျ။

ကျနော်တို့ပြောတဲ့ စကားတွေကို သူ သေချာနားထောင်တယ်။ ပြီးတော့ သူ (ဂမ်ဘာရီ) က ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံ ကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ လူပုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့တခုထက် အများစုအတွက် ထင်သာမြင်သာတဲ့ ရပ်တည်ချက်တွေကိုပဲ အဓိကထားပြီးတော့ ကိုင်တွယ်ဖြေရှင်းမှာပါတဲ့။

Thursday, January 8, 2009

တစည ပါတီစည်းရုံးရေးစတော့မည်
တစည တဖြစ်လဲ မဆလ ပါတီသည် မြန်မာပြည်ကို ၁၉၆၂ ခုနှစ်မှစတင်၍ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော စစ်တပ်ဖြင့် ၂၆ နှစ်တာ အုပ်စိုးခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာတပြည်လုံးပါဝင်သည့် ၈ လေးလုံး လူထုအုံကြွမှုကြီးကို နှိမ်နင်းကာ ၎င်းနှစ် စက်တင်ဘာ ၁၈ ရက်နေ့က စစ်အစိုးရ အာဏာသိမ်းလိုက်သည့် နောက်တွင်မှ မဆလပါတီ၏ အခန်းကဏ္ဍ လုံးဝ ရပ်စဲသွား ခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဆလပါတီက တစည ဟု အမည် ပြောင်းလဲကာ ရွေးကောက်ပွဲဝင်ခဲ့ပြီး မဲအရေအတွက် ၇၉ သိန်းကျော်နှင့် ပထမနေရာ ရရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ နောက်မှ မဲအရေအတွက် ၂၈ သိန်းကျော်ဖြင့် ဒုတိယ နေရာရရှိခဲ့သည်။

ထိုစဉ်အခါက လွှတ်တော်အမတ်နေရာ စုစုပေါင်း ၄၈၅ နေရာ ရှိသည့်အနက် အန်အယ်လ်ဒီ ပါတီက ၃၉၂ နေရာ ရရှိခဲ့ပြီး တစညက ၁၀ နေရာသာ ရရှိခဲ့သော်လည်း ထိုစဉ်က စစ်အစိုးရသည် ယခင်အာဏာရ ပါတီဖြစ်သော တစည ၏ နောက်တွင် ပွင့်လင်းစွာ ရပ်တည်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ယခုတပတ်အတွင်း ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တိုင်းတွင် အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့က မြှောက်ပေး သောကြောင့် အန်အယ်လ်ဒီလူငယ်များ ဆန္ဒထွက်ပြကာ လမ်းလျှောက်ခြင်း ဖြစ်သည်ဟူသော အစိုးရ ပေါ်လစီ ဆောင်းပါးကို ထည့်သွင်းကြရပြီး နောက်တပတ်ထွက်မည့် ဂျာနယ်များတွင် လည်း ထိုဆောင်းပါးကိုသာ ဆက်လက် ထည့်သွင်းဖော်ပြရဦးမည်ဖြစ်ကြောင်း ကြားသိရသည်။

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုင်းတွင် စာပေစိစစ်ရေးက ချမှတ်ပေးသော အစိုးရ ပေါ်လစီဆောင်းပါး များကို မဖြစ်မနေထည့်သွင်းကြရလေ့ရှိသည်။

သစ္စာဂျာနယ်သည် ထိုင်းနိုင်ငံ ဖူးခက်ဒေသ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု တွင်အလုပ်လုပ်နေသော မြန်မာပြည်သား ကလေးအလုပ်သမား ဓာတ်ပုံကို ဖော်ပြခဲ့သဖြင့် ၂၀၀၈ ခုနှစ်အတွင်းက ဂျာနယ်ထုတ်ဝေခွင့် တလ ရပ်ဆိုင်းခံခဲ့ရသောကြောင့် တစည သတင်းကို စာပေစိစစ်ရေးက ကျေနပ်မှုရှိရန် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု ရန်ကုန် ဂျာနယ်အသိုင်းအဝန်းက သုံးသပ်ကြသည်။
ဧရာဝတီမှ

Tuesday, January 6, 2009

၂၀၀၉ ခုအတွင်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမည်ဟု ဦးဝင်းတင်ခန့်မှန်း

အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦး စမ်းချောင်းမြို့နယ်အတွင်း ဆန္ဒပြမှုသည် (အန်အယ်လ်ဒီ) ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့်ဟု ပြည်တွင်းဂျာနယ်အချို့တွင် စွပ်စွဲထားချက်နှင့် ပတ်သက်၍ အထူးတလည် ဖြေရှင်းရန် မလိုကြောင်းနှင့် ၂၀၀၉ ခုနှစ်အတွင်း အလားတူ ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ဦးဝင်းတင်က ပြောသည်။

“ဒီလိုမဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတာမျိုးတွေကို ပြန်ပြီးတော့တောင် ဖြေရှင်းမနေချင်တော့ပါဘူး။ စာနယ်ဇင်းမျက်စိနဲ့ ကြည့်မယ်ဆိုရင် တစ်ကဘာလဲဆိုတော့ ၀ါဒမှိုင်းတိုက်တယ်ဆိုတာ ဘာတိုက်တာလဲ။ ဘယ်တုန်းကတိုက်တာလဲ။ ဘယ်သူတွေကိုတိုက်တာလဲ။ ဘာကြောင့်တိုက်တာလဲ။ ဒီလိုအကြောင်းတွေကို ထည့်ရေးရမယ်၊ ပြောရမယ်ဗျာ။ အခုဟာ ဒါတွေတခုမှ မပါဘူး၊ ရေးမထားဘူးဆိုတော့ ငြင်းဆိုခြင်းဆိုတာ လုပ်ဖို့တောင် ထိုက်တန်တဲ့ သတင်းတန်ဖိုးမရှိဘူးပေါ့။ ဆန္ဒပြလူငယ်တွေကို ဖမ်းတယ်ဆိုတာလောက်ထိက သတင်းရေးလို့ရတယ်။ ဘာမဟုတ်ဘဲနဲ့ ကျနော်တို့ကို ဆွဲထည့်ရုံ ထည့်တာသက်သက်နဲ့တော့ ကျနော်တို့က သာမန်အားဖြင့် ပြန်ဖြေရှင်းနေဖို့တောင် ထိုက်တန်တဲ့ သတင်းမဟုတ်ဘူးလို့ပဲ ပြောလို့ရတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်သို့ ရှင်းပြသည်။

အဆိုပါစွပ်စွဲရေးသားထားသော သတင်းကို True News၊ နံနက်ခင်းဂျယ်နယ် စသည့် ပြည်တွင်းသတင်းဂျာနယ်အချို့အား စာပေစိစစ်ရေးရုံးက ဖိအားပေးထည့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအယ်ဒီတာတဦးက ပြောဆိုသည်။ ပြည်တွင်းဂျာနယ်များတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့အား ၀ါဒမှိုင်းတိုက်သူများအဖြစ် ဖော်ပြခဲ့ပြီး အန်အယ်လ်ဒီလူငယ်များကိုလည်း ကလေက၀များသဖွယ် ရေးသားထားမှုမျိုးကို မိမိတို့အနေဖြင့် ပြုလုပ်မည်မဟုတ်ဘဲ ဖိအားများကြောင့်သာ ဖော်ပြခဲ့ကြရကြောင်း ၎င်းက ထပ်မံရှင်းလင်းပြောဆိုသည်။

အဆိုပါသတင်းတွင်း စွပ်စွဲမှုကို အထမြောက်စေနိုင်သည့် အကြောင်းပြချက် တစုံတရာမတွေ့ရှိရဘဲ ဖြစ်စဉ်အစဟုဆိုကာ ဒီဇင်ဘာ (၃၀)ရက်တွင် အန်အယ်လ်ဒီ ရုံးချုပ်၌ ဦးခင်မောင်ဆွေ ဟောပြောခဲ့သော “ပြည် သူနှင့် လွတ်လပ်ရေး’’ ဟောပြောမှုကို လူငယ်များ တက်ရောက်နားထောင်ခဲ့ကြောင်းသာ ဖော်ပြနိုင်သည်။ ဦးဝင်းတင်နှင့် စပ်လျဉ်းပြီး သတင်းအတွင်း ထည့်သွင်းရေးသားခြင်းမရှိသော်လည်း သတင်းခေါင်းစဉ်တွင်မူ ဦးဝင်းတင်အား ရှေ့တင် စွပ်စွဲရေးသားထားသည်။

“ကျနော့်ကို ခေါင်းစဉ်တင်ပြီး စွပ်စွဲထားပေမယ့် အကြောင်းပြမှု မရှိ၊ ဘာမရှိနဲ့ဆိုတော့ဗျာ ကျနော့်အတွက်က တော့ ဖြေရှင်းနေစရာတောင်မလိုပါဘူး။ ဆရာဦးခင်မောင်ဆွေရဲ့ ဟောပြောချက်တွေကို စွပ်စွဲတယ်ဆိုလည်းဗျာ။ ဦးခင်မောင်ဆွေရဲ့ လှုံ့ဆော်ချက်တွေက ဒါ့ထက်မက ကျယ်ပြန့်မယ်ဗျာ။ ဒါ့ထက်မက ထိရောက်မယ်။ ဒီဟောပြောပွဲကို တက်တဲ့လူက နှစ်ရာကျော် သုံးရာရှိတာ။ ဒီဆန္ဒပြတဲ့လူ လေးငါးရှစ်ယောက်တင် ဘယ်ကမလဲ။ အားလုံး ထွက်သွားတော့မှာပေါ့။ နောက်တခုက သူ့ဟောပြောချက်မှာလည်း ဆန္ဒပြဖို့တို့ ဘာတို့နဲ့ ပတ်သက်တာမပါဘူး။ ကိုယ့်တိုင်းပြည်ကို ချစ်ဖို့ လွတ်လပ်ရေး အရသာ၊ လွတ်လပ်ရေးရဲ့ အကျိုးသက်ရောက်မှု ဒါတွေကိုပဲ ဆရာပြောသွားတာပဲဗျ ” ဟု ဦးဝင်းတင်က တုံ့ပြန်သည်။

“ဒါပေမယ့် ဒီသတင်းက နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေချ၊ ဝေးလံခေါင်ဖျားတဲ့ ထောင်တွေကို ပို့နေပေမယ့် ဒါတွေကို မကြောက်မရွံ့ဘဲ သူတို့ ဆန္ဒရှိတဲ့အတိုင်း ၊ သူတို့ရဲ့ နိုင်ငံရေးအမြင် အတိုင်း ဖော်ထုတ်ရဲတဲ့ လူငယ်တွေရှိသေးတယ်ဆိုတာကို လူထုသိအောင် message ပေးသွားတယ်လို့ ပြောလို့ရမယ်။ ဒီသတင်းတခုတည်းရဲ့ မက်ဆေ့ခ်ျက ဒါပဲဗျ။ လူတွေဟာ မကြောက်ဘူးဗျ။ ဒီလူငယ်တွေလို ဒီအစိုးရကို အန်တုလိုတဲ့စိတ်၊ မခံချင်တဲ့စိတ်၊ ဆန့်ကျင်လိုတဲ့ စိတ်ကတော့ လူအတော်များများမှာ ရှိနေတယ်ဗျ။ အံ့သြစရာကောင်းတယ်။ ၈၈ ကာလတုန်းက လူတွေရဲ့ စိတ်ခံစားမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။ အကြောင်းကြောင်းကြောင့်သာ အန်တုနိုင်ခြင်းတို့ ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းတို့ မရှိတာ။ ဒါပေမယ့် ဒါတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်ဗျ’’ ဟု ၎င်းက ထပ်မံသုံးသပ်ပြောဆိုသည်။

နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့၏ ၀ါဒဖြန့်ချိမှု၊ အတိုက်အခံများအား ရှုတ်ချနှိပ်ကွပ်မှုများကို ၎င်းတို့ပိုင် သတင်းစာများတွင်သာမကဘဲ ပုဂ္ဂလိက ဂျာနယ်များတွင်ပါ ဆောင်းပါးများ မထည့်မနေရ ထည့်သွင်းစေရာမှ ယခုအခါ ပုဂ္ဂလိက ဂျာနယ်များမှ ဖော်ပြသည့်အသွင် သတင်းပုံစံဖြင့်ပါ ဖော်ပြလာခြင်းဖြစ်သည်။

ယင်းကဲ့သို့သော မတရားလုပ်ရပ်များနှင့် ပြည်တွင်းစီးပွားရေးကျဆင်းလာနေခြင်းတို့ကြောင့် လူထုအတွင်း မကျေနပ်မှု များပြားနေရာ ၂၀၀၉ ခုနှစ်အတွင်း ဆန္ဒပြပွဲများထပ်မံ ဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းတင်က သုံးသပ်လိုက်သည်။
ခေတ်ပြိုင်မှ

Monday, January 5, 2009

ဒေါ်စု လွတ်လပ်ရေးသီးချင်းများဖွင့်
အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယမန်နေ့က ကျရောက်သည့် ၆၁ နှစ်မြောက် လွတ်လပ်ရေး နေ့တွင် ၎င်း၏ နေအိမ်၌ လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် သီချင်း များကို ဖွင့်ခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြ သည်။
ဒေါ်အောင်ဆန်းစုကြည်က ခြံတခါးဝ နဖူးစည်းတွင် အ၀တ်အနီပေါ်၌ စာလုံးအ၀ါရောင်ဖြင့်“တိုင်းပြည်နဲ့ လူမျိုး အကျိုးကို ရှေးရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ။ ဗိုလ်ချုပ် အောင်ဆန်း ”ဟု လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ ပြောစကား ရေးသားထားသည့် ဆိုင်းဘုတ်တခုကို ချိတ်ဆွဲထားကြောင်းလည်း ဦးဥာဏ်ဝင်း က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆောင်ရွက်တာလို့ သိရတယ်၊ အဲဒါ ပတ်ဝန်းကျင်က လူတွေက လွတ်လပ် ရေးနဲ့ ဆိုင်တဲ့သီချင်းတွေ ဖွင့်တာကြားရတယ်လို့ အဲဒီလိုလည်း ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ကြာသပတေးနေ့က မိသားစု ဆရာဝန် တွေ့ရှိ ချက်အရ ကောင်းမွန်သည်ဟုကြားသိရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးဝန်းကျင်တွင် လုံခြုံရေးများ ပုံမှန် ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ရုံးချုပ်တွင် ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

ယင်းကြေညာချက်တွင် ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသုံးသပ်ရေးကော်မတီ ဖွဲ့စည်းပေးရန်၊ ယင်းကော်မတီက ၆ လအတွင်း အပြီးအပြတ် ဆောင်ရွက်ရန်စသည့် အချက်များ အဓိကပါဝင် သည်ဟု ၎င်းက ဆိုသည်။

အန်အယ်လ်ဒီနေနှင့်၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးမည်ကဲ့သို့ ဆောင်ရွက်မည်ကို ပြောဆိုမထားသော် လည်း ၁၉၉၀ ပြည့်နှစ်ရွေး ကောက်ပွဲ ရလာဒ်ကို ကောင်အထည် မဖော်ဘဲနှင့် နောင်ပြုလုပ်မည့် ရွေးကောက်ပွဲ များနှင့် ပတ်သက်၍ ထည့်သွင်း စဉ်းစားရန်မရှိဟူသော အဓိပ္ပာယ်ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နုတ်ချက်ကို စာမျက်နှာ ၆ မျက်နှာရှိ အဆိုပါ လွတ်လပ်ရေးနေ့ ကြေညာချက်တွင်ထည့်သွင်း ဖော်ပြထား ကြောင်းလည်း သိရသည်။

ယင်း ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု၍ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးနှင့်ဒီမိုကရေစီ ဖော်ဆောင် ရေးတို့အတွက်ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာနိုင်ငံသားများ၏ ငြိမ်းချမ်းစွာလှုပ်ရှား ဆောင်ရွက်မှုများကို အမေရိကန်နိုင်ငံက ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကမူ ၎င်း၏ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် လမ်းပြမြေပုံ (၇) ဆင့်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လည်း ပြည်သူတရပ်လုံးက တခဲနက်ထောက်ခံထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံသစ်နှင့်အညီ ဒီမို ကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းရန်အတွက် ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားထားကြောင်းကို အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

တချိန်တည်းတွင်ပင် ၎င်း ဗိုလ်ချုပ်မှူးကြီး၏ စစ်အစိုးရကို စာတစောင်ရေး၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အယူခံလွှာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တွေ့ခွင့်ပေးရန် ထပ်မံ တောင်းဆို ထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ကိုင်တွယ် ဆောင်ရွက်မည့် အစိုးရ အဖွဲ့မှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သို့ လိပ်မူ၍ အယူခံလွှာနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လိုအပ်ကြောင်း ပြီးခဲ့ သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က စာရေးသား တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ဦးကြည်ဝင်းက ပြောပြသည်။

“စာတင်တာ အဓိက က အယူခံလွှာတင်ပြီးပြီဆိုတာကို ဒေါ်စုကို သတင်းပို့ဖို့ နဲ့ အယူခံလွှာရဲ့ နောက်တဆင့် လျှောက်လှဲချက် ပေးတာ၊ အဲဒီအခါမှာ ကျနော်တို့ ရှေ့နေတွေရဲ့သဘောနဲ့ ပြောတာမျိုး မဖြစ်သင့်ဘူး၊ ကာယကံ ရှင်ရဲ့ ညွှန်ကြားချက် ရယူဖို့ ၊ ညွှန်ကြားချက် ရယူပြီးပြောမှ စစ်မှန်တဲ့ လျှောက်လှဲချက်ဖြစ်မှာပေါ့၊ အဲဒီ ၂ ချက် အတွက် ဒေါ်စုနဲ့ တွေ့ဆုံဖို့ လိုပါတယ်၊ တွေ့ဆုံချင်ပါတယ် မဟုတ်ဘူး၊ အဲဒီအတွက် ထပ်တင်တာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။

၂၀၀၈ ခု ဒီဇင်ဘာလအစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် တောင်းခဲ့သည်ကို သက်ဆိုင်ရာ အာဏာပိုင်များက အယူခံလွှာကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က ဆောင်ရွက်နေသည့်အတွက် တွေ့ဆုံရန် မလိုကြောင်း ပြောဆို၍ ခွင့်ပြုချက်မပေးခဲ့သောကြောင့် ယခုကဲ့သို့ ထပ်မံ တောင်းဆိုရခြင်းဖြစ်သည်ဟုလည်း ဦးကြည်ဝင်းက ပြောသည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဦးကြည်ဝင်းက ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၀၉ မေလ တွင် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သောကြောင့် ၎င်းအား ယခုလတ်တလော ပြန်လွှတ်ပေးမည်ဆိုပါလျှင် အစိုးရအပါအ၀င်အားလုံး အတွက် ကောင်းမွန်သည့် လုပ်ရပ်တခုဖြစ်ကြောင်း ပြောဆိုသည်။

“ဒေါ်စုကို ပြန်လွှတ်မယ်လိုလိုလည်း ကြားတယ်၊ ဖြစ်နိုင်တာက အခုအရေးယူထားတဲ့ နိုင်ငံတော်အား နှောင့် ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနဲ့ပတ်သက် ပြီး ပုဒ်မ ၁၆ မှာ ပြဌာန်းထားတာကတော့ ရက်ပေါင်း ၆၀ မှာ အနည်းဆုံးတကြိမ် ပြန်လည်ပြီးတော့ တားဆီးထားတာတို့ကန့်သတ် ထားတာတို့ကို ပြန်သုံးသပ်တာ၊ သုံးသပ်ပြီးတော့ အချုပ်အချာ အာဏာ၊ နိုင်ငံတော်ရဲ့လုံခြုံ ရေး၊ ဒါတွေပေါ်မှာ ဘာမှအန္တရာယ် မရှိတော့ဘူးဆိုရင်၊ လွှတ်ပေးမယ်၊ သူတို့ အဲဒီ ပုဒ်မကို ကျင့်သုံးပြီးလွှတ်လိုက် ရင် ကျနော်တို့ တောင် လျှောက်လှဲချက်တွေ ဘာတွေ လုပ်စရာ မလိုဘူး”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီ ဖြစ်သော်လည်း စစ်အစိုးရက ၂၀၀၈ ခု နှစ် မေလတွင် အကျယ်ချုပ်သက်တမ်း ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့်နေရ ချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
Irrawaddy သတင်းမှ