Friday, March 27, 2009

ဒေါ်စုအကြောင်း တရုတ်ရုပ်သံကထုတ်လွှင့်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရုပ်မြင်သံကြား အစီအစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရှားရှားပါးပါး ထုတ်လွှင့်သွားသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲတဖွဲ့ဖြစ်သော ဂျနီဗာ အခြေစိုက် တရားမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်း အဖွဲ့(WGAD) ၏ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချထားခြင်းသည် မြန်မာပြည်တွင်း ဥပဒေများနှင့် ညီညွတ်ခြင်းမရှိကြောင်း မကြာသေးခင်က ကြေညာချက်အပေါ်အခြေခံ၍ အဆိုပါ ရုပ်မြင်သံကြား အစီအစဉ်က သတင်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် ဒေသခံများက ပြောသည်။

ထိုသတင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများနှင့် တကွ ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာ့အရေး လေ့လာသူများက တရုတ် သတင်းဌာနတခု၏ ယခုလုပ်ရပ်သည် မြန်မာအတိုက်အခံ ခေါင်းဆောင် တဦးကို တရုတ်အာဏာပိုင်များအနေနှင့် အသိအမှတ်ပြုသည့် လက္ခဏာတရပ်ကိုပြဆိုကြောင်း ပြောသည်။

အဆိုပါရက်များအတွင်း မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာညွှန်ကြား ရေးမှူး မစ္စတာ စတီဖင် ဘလိတ် ရောက်ရှိနေပြီး စစ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ တရုတ်အစိုးရဘက်မှ အမေရိကန်နှင့်မြန်မာအစိုးရ ဆက်ဆံရေးပိုမို ကောင်းမွန်လာမည်ကို စိုးရိမ်မှုရှိခြင်းကြောင့် ယခုကဲ့သို့ ရုပ်သံအစီအစဉ်မှ ပြသခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

မစ္စတာ စတီဖင် ဘလိတ်သည် ၎င်း၏ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ထိပ်ပိုင်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့သေးသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ထိန်းသိမ်းထား ခြင်းဖြစ်သည်။ ဤ ဥပဒေ ပြဌာန်းချက်အရဆိုလျင်နိုင်ငံတော် အချုပ်အခြာ အာဏာတည်မြဲရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်သူများ၊ ပြည်သူလူထု၏ ငြိမ်းချမ်းတည်ငြိမ်မှုကို နှောင့်ယှက်သူများကို ၅ နှစ် အထိ ထိန်းသိမ်း ထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်ပြီး လာမည့် မေလ ၂၄ ရက် ဆိုလျင် ၆ နှစ်ပြည့်ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
ဧရာဝတီ သတင်းမှ

Tuesday, March 24, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းခြင်းဆီးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်


ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် မြန်မာစစ်အစိုးရဘက်က ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ရာကျသကဲ့သို့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်ရာကျကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုသည်။

တရားလက်လွတ် ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့၏ ဥပဒေရေးရာ သုံးသပ်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံအား ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ကြောင်း ဝေဖန် သည်မှာ ပြောရိုးပြောစဉ်မဟုတ်ဟု ဆန်းစစ်သူများက ပြောသည်။

ယင်းသို့ ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မည်ဟု မထင်သော်လည်း နအဖအား ကာကွယ်ပေးနေသည့် တရုတ်၊ ရုရှ စသည့် နိုင်ငံများအပေါ် ဖိအားပေးနိုင်ရန် ကုလသမဂ္ဂအပေါ် အရေးပါသည့် ဂယက်ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့ရှေ့နေလိုက်ပေးနေသူ ၀ါရှင်တန်ဒီစီမှ ရှေ့နေ ဂျရတ် ဂျင်ဆာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် ပြည်သူအများ တည်ငြိမ်အေးချမ်းမှုအတွက် အန္တရာယ်ဖြစ်နိုင်သူလားဆိုသည်ကိုလည်း အဆိုပါ ဥပဒေသုံးသပ်ချက်တွင် မေးခွန်းထုတ်ထားသည်။

“အခုဟာက အစိုးရက ကိုယ့်ဥပဒေကိုတောင် မလေးစားဘူးလို့ ပြောလိုက်တာပေါ့။ တနည်းအားဖြင့် ပြောမယ်ဆို ရင် ထဲထဲဝင်ဝင်ကို ဝေဖန်လိုက်တာဖြစ်တဲ့အတွက် နအဖစစ်အစိုးရအတွက် အင်မတန်မှ ရှက်စရာကောင်းပါတယ်။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးဆိုတာကို ပြောလိုက်တာပေါ့။ အဲဒီအချက်ကို နိုင်ငံတကာက အသိအမှတ်ပြုလာရတဲ့ အနေအထားဖြစ်လာတာပေါ့။ နိုင်ငံတကာအသိုင်းအ၀န်းကြားမှာ နအဖအစိုးရအနေနဲ့ အရှက်တကွဲဖြစ်ရတဲ့ ကိစ္စတွေဖြစ်လာတော့ အနည်းနဲ့ အများဆိုသလို အရေးယူဖြေရှင်းပေးရမယ့် အနေအထား ဖြစ်လာမယ်လို့ ကျနော်ထင်တယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ အတွင်းရေးမှူး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှုကို ဆောင်ရွက်ပေးနေသူ ရှေ့နေဦးကြည်ဝင်းကမူ ယခုလ (၁၃) ရက်တွင် အယူခံကိုကြားနာပေးပါရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာကို ပေးပို့ထားသည်ဟု ပြောသည်။ အယူခံကို
၉-၁၀-၂၀၀၈ ခုနှစ်ကတည်းက တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း နအဖစစ်အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသဖြင့် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည်မှာ လေးကြိမ်ထက်မနည်းရှိပြီ ဖြစ်သည်ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချထားမှုနှင့်စပ်လျဉ်း၍ စုံစမ်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနားက မတ်လ (၁၇) ရက်၌ လူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံခဲ့သေးသည်။ ယင်းအစီရင်ခံစာတွင် ယင်းအမှုကို အစိုးရဘက်မှ လက်ခံရရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားသူကြီးချုပ်နှင့် ပြည်ထဲရေးအား စုံစမ်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ရှေ့နေကြီး ဦးကြည်ဝင်းကမူ ယင်းအမှုသည် တရားသူကြီးချုပ်နှင့် မဆိုင်တော့ဘဲ အစိုးရအဖွဲ့တာဝန်ရှိသူ ၀န်ကြီးချုပ် သို့မဟုတ် အစိုးရအဖွဲ့က ဗဟိုအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားသူကသာ ကိုင်တွယ်ဆောင်ရွက် ရတော့မည် ဖြစ်သည်ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သက်တမ်းထပ်တိုးတုန်းက အစိုးရအဖွဲ့ တာဝန်ပေးမှုအရ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးနဲ့ သူ့အဖွဲ့ဝင်တွေချထားတဲ့ အမိန့်ကို ကျနော်တို့က ပြန်အယူခံတာဗျ။ အဲဒါကို သူက သူ့အောက်ကို ပြန်ရှင်းခိုင်းနေလို့ မဖြစ်ဘူးလေ။ တရားသူကြီးချုပ်ဆိုတာကလည်း ပုဒ်မ (၂၁) ကို ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းလိုက်ကတည်းက တရားရုံးချုပ်ရဲ့ကဏ္ဍမပါတော့ဘူးဗျ။ တရားသူကြီးချုပ် ၀င်ရောက်ကိုင်တွယ်ရမယ့် အမှုမျိုးလည်း မဟုတ်တော့ဘူးဗျ။ အဲတော့ အဲလိုပြောဆိုခဲ့တယ်ဆိုရင်တော့ ပြောဆိုမှုတွေကိုက လွဲနေတယ်ဗျ” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အယူခံကို ကြားနာပေးရန် ရှေ့နေကြီး ဦးကြည်ဝင်းက နအဖ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာပေးပို့ပြီး (၆) ရက်အကြာတွင် အန်အယ်လ်ဒီက ပါတီဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး ကျင်းပလိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် တွေ့ခွင့်ပေးရန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တင်ပြခဲ့သည်။ ယင်းသို့တောင်းဆိုမှုကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့ဖူးသော်လည်း နအဖစစ်အစိုးရဘက်မှ တစုံတရာအကြောင်းပြန်ကြားမှုမရှိခဲ့ပေ။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့ အတွေ့အကြုံတွေအရတော့ အကြောင်းမပြန်တာ များတာပေါ့လေ။ သို့သော်လည်းပဲ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို ကျနော်တို့ အားမလျော့ဘဲ လုပ်သွားမယ်။ ပြောစရာရှိတာပြောမယ်။ တင်ပြစရာရှိတာတင်ပြမယ်။ မလုပ်ရင် သမိုင်းအရ၊ နိုင်ငံရေးအရ ဘယ်သူက တာဝန်ရှိလဲ ဆိုတာမျိုး သူ့ဟာသူဖြစ်လာပါလိမ့်မယ်” ဟု ဆိုသည်။

Friday, March 20, 2009

ဝက်သားဟင်းရောင်းလို့ အရိုက်ခံရ

။ ပဲခူးမြို့ ဥဿာမြို့သစ် ပင်စည်ယာယီဈေးအတွင်း လိုင်စင်မဲ့ ဝက်သား ဖမ်းဆီးရာ ဝက်သားဟင်းရောင်းသူ အမျိုးသမီးကို စစ်အရာရှိ၊ ဈေးစည်ပင်နှင့် ဝက်သားလိုင်စင် ယူထားသူများက ယခုလ ၅ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ပဲခူးအခြေစိုက် တပ်မ ၇၇ မှ စစ်ရေး ဦးစီးအရာရှိ ဗိုလ်ကြီးမျိုးမြင့်အောင် (အရပ်ခေါ် ဂျီသရီး) ၏ ကားနံပါတ် ဇ/၉၅၃၆ (စစ်ရောင် - Double Cup) ဖြင့် ဝက်သားလိုင်စင် ယူထားသူ ဦးတင်သိန်း၏ အလုပ်သမား ၇ ဦးခန့်သည် ညနေပိုင်းတွင် ဈေးသို့လာပြီး ဈေးစည်ပင်ဝန်ထမ်းနှင့်အတူ ဟင်းဆိုင်ကို ဖျက်သလို၊ ဆိုင်ရှင် မစန်စန်းလှကိုပါ ရိုက်နှက် ထိုးကြိတ်ခဲ့သည်။

“စည်ပင်သာယာက ဦးသန်းဝင်း ကျမကို ဆံပင်တွေ ဆောင့်ဆွဲတယ်။ ကားပေါ် အတင်း မ တင်တယ်။ လက်သီးနဲ့ ထိုးတယ်။ ပါးတွေနားတွေ ရိုက်တယ်။ ပေတရာပေါ်မှာ ပြုတ်ကျတယ်။ ကျမ အဲဒီအချိန်မှာ သတိလစ်သွားတယ်” ဟု မစန်းစန်းလှက ပြောသည်။

ပဲခူးမြို့မှ ရှေ့နေ ဦးအေးမြင့်က “လာဖမ်းတဲ့ ဗိုလ်ကြီး မျိုးမြင့်အောင်နဲ့ စည်ပင်သာယာက စည်းကမ်း ထိန်းသိမ်းရေး ကိုသန်းဝင်း မူးနေတယ်။ ဘာမှ တာဝန်မရှိသူတွေက နင် လိုက်ခဲ့၊ ဖမ်းတယ်ဆိုပြီး ပြောတယ်။ ရှင်တို့ မူးရူးနေတာ ကျမ မလိုက်နိုင်ဘူး ပြောတော့ မစန်းစန်းလှကို ရိုက်နှက်တာ” ဟု ပြောသည်။

ဆိုင်ကိုဖျက်ရာတွင် ဗိုလ်ကြီးလည်း ပါဝင် ဖျက်ဆီးခဲ့ကြောင်းနှင့် လိုင်စင်မဲ့ ဝက်သား ဖမ်းရာ ဝက်သားအစိမ်းသာ ဖမ်းခွင့်ရှိပြီး၊ ချက်ထားသည်ကို ဖမ်းမရကြောင်း သူက ဆိုသည်။

ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - ရယက ရုံးရှေ့တွင် အခင်းဖြစ်ပွားရာ၊ ရယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ လာကြည့်ခဲ့ကြသည်။

ဒေသခံတဦးက “ချက်ထားတဲ့ ဝက်သားအိုးကိုလည်း ကန်မှောက်ပစ်တယ်။ လူတွေက မခံနိုင်ဘူး။ ကောင်မလေးကို ပါးရိုက်၊ အင်္ကျီဆောင့်ဆွဲလုပ်တော့ ဒဏ်ရာတွေ ရလာတယ်။ လူတွေက မခံချင်တော့ ဝိုင်းလုပ်မယ်ဆိုတော့ စစ်ကား ဖြစ်နေတယ်” ဟု ပြောသည်။

ထို့နောက် အမှတ် ၇ ရယက ရုံးနှင့် အမှတ် ၃ ရဲစခန်းသို့ မစန်းစန်းလှက သွားတိုင်ခဲ့သည်။

ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ် စန်းညွန့်က “အမှုဖွင့်ထားပါတယ်။ ဝက်လိုင်စင် ယူထားသူ (ဦးတင်သိန်း) ရဲ့ လူ ကိုသန့်စင်က ဒေါ်စန်းစန်းလှကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ စွဲထားတယ်။ ဒေါ်စန်းစန်းလှကတော့ သူကို ဆံပင်ဆွဲတယ်၊ ပါးရိုက်တယ်၊ ပစ္စည်းတွေ ရိုက်ချိုးသွားတယ်၊ ကာယိနြေ္ဒပျက်အောင် လုပ်တယ်ဆိုပြီး တိုင်ထားတယ်။ နှစ်ဖက်စလုံးက အပြန်အလှန် အမှုဖွင့်ထားတယ်” ဟု ပြောသည်။

မစန်းစန်းလှသည် ရဲစခန်းမှ ပေးလိုက်သည့် ဆေးစာဖြင့် ပဲခူး ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုခဲ့သည်။

သူက ထိုနေ့ ရက်စွဲဖြင့်ပင် ပဲခူးတိုင်း အမျိုးသမီးရေးရာ အဖွဲ့သို့လည်း တိုင်ကြားခဲ့သည်။
မဇ္ဈိမသတင်းမှ

တွံတေးတွင် အိုးအိမ်ဆောက်ပေးရေး ဆန္ဒပြ

နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကြက်ခြေနီအသင်းမှ နေအိမ်များ ဆောက်ပေးရာ ဒေသအာဏာပိုင်များက အလွဲသုံးစားလုပ်သဖြင့် ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းရွာသား ၂ဝ ခန့်သည် တွံတေးမြို့သို့ ယနေ့ ချီတက်ဆန္ဒပြကြသည်။

ကျောက်တံတား ကားလမ်းမကြီးတလျှောက် ချီတက်လာကြကာ တွံတေးမြို့နယ် အေးချမ်းသာရေး မယက ရုံးရှေ့ရှိ လေဘေး ပြန်လည်ထူထောင်ရေးဌာန တည်ရှိရာသို့ သောကြာနေ့ နံနက် ၁၁ နာရီခွဲခန့်က ဦးတည်ဆန္ဒပြခြင်းဖြစ်သည်။

ဇီးဖြူကုန်းကျေးရွာမှ ဆန္ဒပြသူများထဲတွင် ကိုအံသီး၊ ကိုမြင့်လွင်၊ ကိုဇော်ဝင်း၊ ဒေါ်ကြည်၊ ဦးမြင့်ဌေး၊ ဒေါ်တရုတ်မ၊ ဦးအောင်မိုးကျော်၊ ဒေါ်ဌေးဝင်း၊ ဒေါ်အေးသွယ်၊ ဦးအေးနိုင်၊ ဒေါ်ကြည်အေး၊ မောင်အေးစန်း (အညာသား)၊ ကိုအောင်ဝင်းနိုင်၊ ဒေါ်သာပင်၊ ဦးမျိုးထွန်း၊ မခင်မျိုးနွယ်၊ ဦးမောင်သန်းတို့ ပါဝင်သည်။
သူတို့ကို တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေက ဦးဆောင်လာခဲ့ခြင်းပြီး အတွင်းရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေနှင့် စည်းရုံးရေးအဖွဲ့ဝင်များက ဝန်းရံပေးထားသလို၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း စောင့်ကြပ်ခဲ့သည်။

''အခုဆိုရင် ချီတက်ဆန္ဒပြသူတွေဟာ ရုံးကို ရောက်ရှိနေပါပြီ။ သူတို့ လိုအပ်နေတဲ့ ဟာတွေကို ထပ်မံဖြည့်ဆည်း ပေးဖို့အတွက် လက်မှတ်ထိုးပြီး တောင်းဆိုချီတက်တာပါ။ အခုလက်ရှိတော့ ကြွေးကြော်သံတွေ မပါသေးဘူး။ စကားတွေပြောပြီး တက်သွားတယ်။ ဘယ်လိုတုံ့ပြန်မလဲ မသိသေးဘူးခင်ဗျ။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကို အာဏာပိုင်တွေက ဖမ်းမယ်၊ အရေးယူမယ်ဆိုရင် ကြွေးကြော်သံတွေနဲ့ တောင်းဆိုသွားမှာ ဖြစ်တယ်'' ဟု ဆန္ဒပြသူများကို ဝိုင်းရံပေးနေသူ အန်အယ်ဒီ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အိုးအိမ်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက နိုင်ငံကာ အစိုးရမဟုတ်သော အဖွဲ့ - အန်ဂျီအိုများနှင့် ပူးပေါင်းကာ တအိမ်ထောင်လျှင် ကျပ်ငွေ ၄ သိန်း တန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာထွန်းမြင့်က ''ကျနော်တို့မှာ နိုင်ငံတကာ ကြက်ခြေနီအသင်းက အကူအညီနဲ့ နာဂစ်ဒေသမှာ မြို့ ၁၃ မြို့ကို ပြန်လည်တည်ဆောက်ရေးအတွက် အလုပ်လုပ်နေတယ်။ အခုတော့ ၉ မြို့တော့ ရုံးခွဲတွေ ၉ ခု ရှိတယ်။ အိမ်အလုံးပေါင်း ၈ဝဝဝ ဆောက်မယ်။ တအိမ်ကို ၄ သိန်းဆိုတာ မှန်ပါတယ်။ ပထမတုန်းကတော့ ၃ သိန်း၊ အခု ၁ သိန်း ထပ်တိုးပေးထားပါတယ်။ သက်ကယ်၊ ဓနိမိုးမယ်၊ ဝါးနဲ့ပေါ့'' ဟု ပြောသည်။

မြို့နယ် ၉ မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၆၁ အုပ်စု ရွေးထားရာ အချို့ကျေးရွာအုပ်စုများတွင် အိမ်ခြေ ၂ဝဝဝ ကျော်အထိ ရှိသည်။

နေအိမ်များ ပေးအပ်ရန်အတွက် မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းပေးခဲ့ရာ မြို့နယ် ဆရာဝန်ကြီး၊ ပညာရေးမှူးတို့၏ ကြီးကြပ်မှုကို ခံယူကာ တမြို့နယ်လျှင် လက်ထောက် ၄ ဦး ပါဝင်ဖွဲ့စည်းခဲ့သည်။

ဒေါက်တာထွန်းမြင့်က ''သူတို့(ကော်မတီဝင်များ)က ရွာတွေကို ဆင်းရမယ်။ သူတို့နဲ့ ရွာက လူကြီးတွေနဲ့ ရွာသူရွာသားတွေ ငြှိရမယ်။ ကျနော်တို့ ပေးထားတဲ့ သတ်မှတ်ချက် စံနှုန်းတွေ ရှိတယ်။ အဖိုးကြီး၊ အဖွားကြီးတွေ ဦးစားပေးရမယ်။ သူများအိမ်မှာ ကပ်နေရတဲ့ သူတွေကို ဦးစားပေးမယ်။ မုဆိုးမတွေကို ပို ဦးစားပေးမယ်။ အဲဒီလို အချက်တွေ အများကြီး ရှိတယ်'' ဟု ပြောသည်။

ကျေးရွာများတွင်လည်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးဆောင်သည့် အဖွဲ့များအထိ ဖွဲ့စည်းပေးခဲ့ကြသည်။

ဇီးဖြူကုန်းကျေးရွာတွင် ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေ၊ အတွင်းရေးမှူး ဦးအေးကို၊ အဖွဲ့ဝင်များအဖြစ် ဦးတင်ဆန်း၊ ဒေါ်ခင်မာကြည်၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ယုတင်၊ ဒေါ်အေးအေးမြင့်၊ ဦီးအောင်စန်း၊ ဦးမြင့်ဦး၊ ဦးလှကြိုင်၊ ကိုဝင်းအောင်နှင့် ကိုချစ်ကို ဖြစ်သည်။
မဇ္ဈိမသတင်းမှ

Tuesday, March 17, 2009

နိုင်ငံရေးသမား ၂၁ဝဝ ကို လွှတ်ရန် ကုလအရာရှိ တောင်းဆို

မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိသည့်အနက် အများစုမှာ အကျဉ်းနည်းဖြင့် လျှို့ဝှက် စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ အရာရှိကြီးတဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ယမန်နေ့က တင်သွင်းသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တာနာ (ဓာတ်ပုံ - အေပီ)
အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက် စုံစမ်း စစ်ဆေးခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာက ရေးသားခဲ့ခြင်း ဖြစ်သည်။

အရပ်သားများ လုပ်အားပေးနေရခြင်း၊ ထိုင်းမြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်း များစွာ ရှိခြင်းတို့ကိုလည်း အစီရင်ခံစာတွင် တွေ့ရသည်။

ကုလသမဂ္ဂ အရာရှိ၏ အစီရင်ခံစာနောက်ပိုင်းတွင် ဖိအားပေးမှု၊ အရေးယူမှုများ မတွေ့ရပါက အကျိုးရှိမည်မဟုတ်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာပြည် လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့် လေ့လာသူတဦးက ပြောလိုက်သည်။

“လူ့အခွင့်အရေးကောင်စီ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အရင်ကထက် ပိုတဲ့ အရေးယူ ဆောင်ရွက်မှုတွေ၊ နအဖကို ဖိအားပေးမှုတွေ မလုပ်ဘူးဆိုရင် ဒီ အစီရင်ခံစာက အကျိုးရှိမယ်လို့ ကျနော် မထင်ဘူး” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းက ဧရာဝတီသို့ ပြောပြသည်။

အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို ပြန်လည် သုံးသပ်ရန်လည်း တိုက်တွန်းထားသည်။ ဤသို့သော အကြံပြုချက်မျိုးကို အစီရင်ခံစာတွင် ထည့်သွင်းရေးသားခြင်းကြောင့် ယခင် လူ့အခွင့်အရေး ကိုယ်စားလှယ် ပီညဲရိုးနှင့် မစ္စတာ ကင်တာနာ၏ ချည်းကပ်ပုံများ ကွာခြားသည်ဟု ကိုအောင်မျိုးမင်းက ပြောသည်။

“မစ္စတာ ကင်တာနာက ဥပဒေပိုင်းဆိုင်ရာ ရှေ့နေတယောက် ဖြစ်တယ်။ အဲဒါကြောင့် သူ့ရဲ့ သုံးသပ်ချက်ကို ကြည့်မယ် ဆိုရင် တိုင်းပြည် တပြည်မှာ မတရား ဖမ်းဆီးမှုတွေ၊ မတရား ဖြစ်စေမှုတွေ ရှိနေသမျှ ကာလပတ်လုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိဦးမှာပဲ၊ အဲဒါကို ပြုပြင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကို သူ ထောက်ပြတာကတော့ မစ္စတာ ပီညဲရိုး နဲ့ ကွာပါတယ်” ဟု ကိုအောင်မျိုးမင်းက ဆိုသည်။

အစီရင်ခံစာတွင် နိုင်ငံရေးသမားများဘက်မှ ရှေ့နေလိုက်ပေးသူများကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို မိသားစုနှင့် လွန်စွာ ဝေးကွာသော ဒေသရှိ ထောင်များသို့ ပို့ဆောင်ခြင်း၊ မကြာသေးခင်က အကျဉ်းသား ၆၃၁၃ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည် ဆိုသော်လည်း ထိုအထဲတွင် နိုင်ငံရေးသမား ၂၉ဦးသာ ပါဝင်ခြင်း စသည့် အချက်များကိုလည်း ဖော်ပြထားသည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို ကြိုဆိုသင့်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း၂၁ဝဝ မက ဆက်လက် အကျဉ်းကျနေဆဲ ဖြစ်သောကြောင့် တိုးတက်ဖြစ်ထွန်းမှုဟု မမြင်ပါကြောင်း မစ္စတာ ကင်တာနာက အစီရင်ခံချက်တွင် ထည့်သွင်းထားသည်။

စစ်အစိုးရ သံအမတ်ကြီးတဦးကမူ မြန်မာပြည်တွင် ယုံကြည်ချက်ကြောင် အကျဉ်းကျနေသူ မရှိပါဟု ရိုက်တာ သတင်းဌာနသို့ ယနေ့ ပြောကြားလိုက်သည်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ မြန်မာပြည်မှာ မရှိပါဘူး။ တကယ်တော့ ဒီအကျဉ်းသားတွေဟာ မြန်မာပြည်ရဲ့ လက်ရှိ ဥပဒေတွေကို ချိုးဖောက်လို့ အကျဉ်းကျနေတဲ့ သူတွေသာ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး ကောင်စီ အခြေစိုက်ရာ ဆွစ်ဇာလန်ရှိ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးဝဏ္ဏမောင်ဝင်းက ပြောသည်။
ဧရာဝတီ သတင်းမှ

ဒေါ်စုလွှတ်ပေးရေး အယူခံထပ်တင်

စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာနှင့် ပတ်သက်၍ ပြီးခဲ့သည့် သောကြာနေ့က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ထံသို့ မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

(ဓာတ်ပုံ - Eddie Adams / Corbis Outline)
“ကျနော်တို့ ၀န်ကြီးချုပ်ကို စာရေးပြီး မေတ္တာ ရပ်ခံထားတယ်၊ စာတင်လိုက်ပြီ၊ ရေးပြီးတော့ ကျနော့် တပည့် တွေနဲ့ တင်လိုက်တာ၊ ၀န်ကြီးချုပ်ကလည်း နိုင်ငံခြားသွားနေတဲ့ အချိန်ဖြစ်နေတယ်၊ မတ်လ ၁၃ ရက်နေ့ က တင်တာ၊ ဒေါ်အောင်ဆန်းစုကြည် အယူခံနဲ့ ပတ်သက်လို့၊ ကြားနာဖို့ပါ”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောပြ သည်။

ဝန်ကြီးချုပ်ထံသို့ ယခုမေတ္တာရပ်ခံစာ တင်ရခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာတင်ထားသည်မှာ ကြာပြီဖြစ်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို ပြုလုပ်ခြင်းပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အလားအလာတွေ ဘာတွေတော့ ကျနော်တို့လည်း သိပ်မတွက်တော့ဘူးဗျ၊ ဘာကြောင့်လည်း ဆိုတော့ အဲဒါ တွက်ရတာလည်း မောတယ်၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ကြတာပဲ၊ အယူခံ ကိုယ်က တင်ထားတာက လည်း သောင်မတင် ရေမကျဖြစ်နေတယ်၊ ကျနော်တို့ကထပ်ပြီးတော့ မေတ္တာရပ်ခံတာ၊ အယူခံလွှာကို ဆောင် ရွက်ပေးဖို့”ဟု ဦးကြည်ဝင်းကပြောဆိုသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယနေ့တွင် စင်္ကာပူ နိုင်ငံသို့ ရောက်ရှိနေပြီး ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံသို့ သွား ရောက်ခဲ့ကာ ၂ နိုင်ငံ အရေးကိစ္စများကို သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဆွေးနွေးမှုများပြုလုပ်ကြောင်း သိရသည်။

ဦးကြည်ဝင်းက အဆိုပါ အယူခံလွှာနှင့်ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ခွင့်တောင်းသည်ကို အစိုးရအဖွဲ့အနေဖြင့် အယူခံလွှာကိစ္စ ဆောင်ရွက်နေပြီဖြစ်သည့်အတွက် တွေ့ရန် မလိုအပ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ငြင်းဆို ထားခဲ့သည်။

ထိုသို့ အာဏာပိုင်များ ဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်မလိုအပ်၍ဟုဆိုကာ ခွင့်မပြုသော်လည်း ရှေ့နေ ကြီး ဦးကြည်ဝင်းကမူ တွေ့ဆုံရန် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသည့် အခြေခံအချက်၂ ချက်မှာ ပြီးခဲ့သည့် ၂၀၀၈ ခု အောက်တိုဘာ ၉ ရက်နေ့က အယူခံလွှာတင်ခဲ့ပြီဆိုသည်ကို မသိသေးသည့်အတွက် အသိပေးရန်၊ အယူခံလွှာနှင့် ပတ်သက်ပြီး အစိုးရက လျှောက်လွှဲချက်ပေးရန်ခေါ်ဆိုသည့်အချိန်တွင် အသင့်ရေးထားသည့်လျှောက်လွှဲချက်ကို ဒေါ်အောင် ဆန်းစုကြည်နှင့် ဆွေးနွေးရန်ရှိသောကြောင့် ယင်းလျှောက်လွှဲချက်ကို ပြသရန် တို့ဖြစ်သည်ဟု ဦးကြည်ဝင်း က ရှင်းပြသည်။

ထိုအချိန်ကပင် အယူခံကို ဆောင်ရွက်မည့်အစိုးရအဖွဲ့ထံသို့ ဦးကြည်ဝင်းက တိုက်ရိုက် စာရေးတင်ပြရန် အစီ အစဉ်ရှိကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။
အဆိုပါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နှင့်ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်း ခဲ့ခြင်းဖြစ်သည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
ဧရာဝတီသတင်းမှ