Thursday, January 8, 2009

တစည ပါတီစည်းရုံးရေးစတော့မည်
တစည တဖြစ်လဲ မဆလ ပါတီသည် မြန်မာပြည်ကို ၁၉၆၂ ခုနှစ်မှစတင်၍ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော စစ်တပ်ဖြင့် ၂၆ နှစ်တာ အုပ်စိုးခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာတပြည်လုံးပါဝင်သည့် ၈ လေးလုံး လူထုအုံကြွမှုကြီးကို နှိမ်နင်းကာ ၎င်းနှစ် စက်တင်ဘာ ၁၈ ရက်နေ့က စစ်အစိုးရ အာဏာသိမ်းလိုက်သည့် နောက်တွင်မှ မဆလပါတီ၏ အခန်းကဏ္ဍ လုံးဝ ရပ်စဲသွား ခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဆလပါတီက တစည ဟု အမည် ပြောင်းလဲကာ ရွေးကောက်ပွဲဝင်ခဲ့ပြီး မဲအရေအတွက် ၇၉ သိန်းကျော်နှင့် ပထမနေရာ ရရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ နောက်မှ မဲအရေအတွက် ၂၈ သိန်းကျော်ဖြင့် ဒုတိယ နေရာရရှိခဲ့သည်။

ထိုစဉ်အခါက လွှတ်တော်အမတ်နေရာ စုစုပေါင်း ၄၈၅ နေရာ ရှိသည့်အနက် အန်အယ်လ်ဒီ ပါတီက ၃၉၂ နေရာ ရရှိခဲ့ပြီး တစညက ၁၀ နေရာသာ ရရှိခဲ့သော်လည်း ထိုစဉ်က စစ်အစိုးရသည် ယခင်အာဏာရ ပါတီဖြစ်သော တစည ၏ နောက်တွင် ပွင့်လင်းစွာ ရပ်တည်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ယခုတပတ်အတွင်း ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တိုင်းတွင် အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့က မြှောက်ပေး သောကြောင့် အန်အယ်လ်ဒီလူငယ်များ ဆန္ဒထွက်ပြကာ လမ်းလျှောက်ခြင်း ဖြစ်သည်ဟူသော အစိုးရ ပေါ်လစီ ဆောင်းပါးကို ထည့်သွင်းကြရပြီး နောက်တပတ်ထွက်မည့် ဂျာနယ်များတွင် လည်း ထိုဆောင်းပါးကိုသာ ဆက်လက် ထည့်သွင်းဖော်ပြရဦးမည်ဖြစ်ကြောင်း ကြားသိရသည်။

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုင်းတွင် စာပေစိစစ်ရေးက ချမှတ်ပေးသော အစိုးရ ပေါ်လစီဆောင်းပါး များကို မဖြစ်မနေထည့်သွင်းကြရလေ့ရှိသည်။

သစ္စာဂျာနယ်သည် ထိုင်းနိုင်ငံ ဖူးခက်ဒေသ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု တွင်အလုပ်လုပ်နေသော မြန်မာပြည်သား ကလေးအလုပ်သမား ဓာတ်ပုံကို ဖော်ပြခဲ့သဖြင့် ၂၀၀၈ ခုနှစ်အတွင်းက ဂျာနယ်ထုတ်ဝေခွင့် တလ ရပ်ဆိုင်းခံခဲ့ရသောကြောင့် တစည သတင်းကို စာပေစိစစ်ရေးက ကျေနပ်မှုရှိရန် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု ရန်ကုန် ဂျာနယ်အသိုင်းအဝန်းက သုံးသပ်ကြသည်။
ဧရာဝတီမှ

Tuesday, January 6, 2009

၂၀၀၉ ခုအတွင်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမည်ဟု ဦးဝင်းတင်ခန့်မှန်း

အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦး စမ်းချောင်းမြို့နယ်အတွင်း ဆန္ဒပြမှုသည် (အန်အယ်လ်ဒီ) ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့်ဟု ပြည်တွင်းဂျာနယ်အချို့တွင် စွပ်စွဲထားချက်နှင့် ပတ်သက်၍ အထူးတလည် ဖြေရှင်းရန် မလိုကြောင်းနှင့် ၂၀၀၉ ခုနှစ်အတွင်း အလားတူ ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ဦးဝင်းတင်က ပြောသည်။

“ဒီလိုမဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတာမျိုးတွေကို ပြန်ပြီးတော့တောင် ဖြေရှင်းမနေချင်တော့ပါဘူး။ စာနယ်ဇင်းမျက်စိနဲ့ ကြည့်မယ်ဆိုရင် တစ်ကဘာလဲဆိုတော့ ၀ါဒမှိုင်းတိုက်တယ်ဆိုတာ ဘာတိုက်တာလဲ။ ဘယ်တုန်းကတိုက်တာလဲ။ ဘယ်သူတွေကိုတိုက်တာလဲ။ ဘာကြောင့်တိုက်တာလဲ။ ဒီလိုအကြောင်းတွေကို ထည့်ရေးရမယ်၊ ပြောရမယ်ဗျာ။ အခုဟာ ဒါတွေတခုမှ မပါဘူး၊ ရေးမထားဘူးဆိုတော့ ငြင်းဆိုခြင်းဆိုတာ လုပ်ဖို့တောင် ထိုက်တန်တဲ့ သတင်းတန်ဖိုးမရှိဘူးပေါ့။ ဆန္ဒပြလူငယ်တွေကို ဖမ်းတယ်ဆိုတာလောက်ထိက သတင်းရေးလို့ရတယ်။ ဘာမဟုတ်ဘဲနဲ့ ကျနော်တို့ကို ဆွဲထည့်ရုံ ထည့်တာသက်သက်နဲ့တော့ ကျနော်တို့က သာမန်အားဖြင့် ပြန်ဖြေရှင်းနေဖို့တောင် ထိုက်တန်တဲ့ သတင်းမဟုတ်ဘူးလို့ပဲ ပြောလို့ရတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်သို့ ရှင်းပြသည်။

အဆိုပါစွပ်စွဲရေးသားထားသော သတင်းကို True News၊ နံနက်ခင်းဂျယ်နယ် စသည့် ပြည်တွင်းသတင်းဂျာနယ်အချို့အား စာပေစိစစ်ရေးရုံးက ဖိအားပေးထည့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအယ်ဒီတာတဦးက ပြောဆိုသည်။ ပြည်တွင်းဂျာနယ်များတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့အား ၀ါဒမှိုင်းတိုက်သူများအဖြစ် ဖော်ပြခဲ့ပြီး အန်အယ်လ်ဒီလူငယ်များကိုလည်း ကလေက၀များသဖွယ် ရေးသားထားမှုမျိုးကို မိမိတို့အနေဖြင့် ပြုလုပ်မည်မဟုတ်ဘဲ ဖိအားများကြောင့်သာ ဖော်ပြခဲ့ကြရကြောင်း ၎င်းက ထပ်မံရှင်းလင်းပြောဆိုသည်။

အဆိုပါသတင်းတွင်း စွပ်စွဲမှုကို အထမြောက်စေနိုင်သည့် အကြောင်းပြချက် တစုံတရာမတွေ့ရှိရဘဲ ဖြစ်စဉ်အစဟုဆိုကာ ဒီဇင်ဘာ (၃၀)ရက်တွင် အန်အယ်လ်ဒီ ရုံးချုပ်၌ ဦးခင်မောင်ဆွေ ဟောပြောခဲ့သော “ပြည် သူနှင့် လွတ်လပ်ရေး’’ ဟောပြောမှုကို လူငယ်များ တက်ရောက်နားထောင်ခဲ့ကြောင်းသာ ဖော်ပြနိုင်သည်။ ဦးဝင်းတင်နှင့် စပ်လျဉ်းပြီး သတင်းအတွင်း ထည့်သွင်းရေးသားခြင်းမရှိသော်လည်း သတင်းခေါင်းစဉ်တွင်မူ ဦးဝင်းတင်အား ရှေ့တင် စွပ်စွဲရေးသားထားသည်။

“ကျနော့်ကို ခေါင်းစဉ်တင်ပြီး စွပ်စွဲထားပေမယ့် အကြောင်းပြမှု မရှိ၊ ဘာမရှိနဲ့ဆိုတော့ဗျာ ကျနော့်အတွက်က တော့ ဖြေရှင်းနေစရာတောင်မလိုပါဘူး။ ဆရာဦးခင်မောင်ဆွေရဲ့ ဟောပြောချက်တွေကို စွပ်စွဲတယ်ဆိုလည်းဗျာ။ ဦးခင်မောင်ဆွေရဲ့ လှုံ့ဆော်ချက်တွေက ဒါ့ထက်မက ကျယ်ပြန့်မယ်ဗျာ။ ဒါ့ထက်မက ထိရောက်မယ်။ ဒီဟောပြောပွဲကို တက်တဲ့လူက နှစ်ရာကျော် သုံးရာရှိတာ။ ဒီဆန္ဒပြတဲ့လူ လေးငါးရှစ်ယောက်တင် ဘယ်ကမလဲ။ အားလုံး ထွက်သွားတော့မှာပေါ့။ နောက်တခုက သူ့ဟောပြောချက်မှာလည်း ဆန္ဒပြဖို့တို့ ဘာတို့နဲ့ ပတ်သက်တာမပါဘူး။ ကိုယ့်တိုင်းပြည်ကို ချစ်ဖို့ လွတ်လပ်ရေး အရသာ၊ လွတ်လပ်ရေးရဲ့ အကျိုးသက်ရောက်မှု ဒါတွေကိုပဲ ဆရာပြောသွားတာပဲဗျ ” ဟု ဦးဝင်းတင်က တုံ့ပြန်သည်။

“ဒါပေမယ့် ဒီသတင်းက နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေချ၊ ဝေးလံခေါင်ဖျားတဲ့ ထောင်တွေကို ပို့နေပေမယ့် ဒါတွေကို မကြောက်မရွံ့ဘဲ သူတို့ ဆန္ဒရှိတဲ့အတိုင်း ၊ သူတို့ရဲ့ နိုင်ငံရေးအမြင် အတိုင်း ဖော်ထုတ်ရဲတဲ့ လူငယ်တွေရှိသေးတယ်ဆိုတာကို လူထုသိအောင် message ပေးသွားတယ်လို့ ပြောလို့ရမယ်။ ဒီသတင်းတခုတည်းရဲ့ မက်ဆေ့ခ်ျက ဒါပဲဗျ။ လူတွေဟာ မကြောက်ဘူးဗျ။ ဒီလူငယ်တွေလို ဒီအစိုးရကို အန်တုလိုတဲ့စိတ်၊ မခံချင်တဲ့စိတ်၊ ဆန့်ကျင်လိုတဲ့ စိတ်ကတော့ လူအတော်များများမှာ ရှိနေတယ်ဗျ။ အံ့သြစရာကောင်းတယ်။ ၈၈ ကာလတုန်းက လူတွေရဲ့ စိတ်ခံစားမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။ အကြောင်းကြောင်းကြောင့်သာ အန်တုနိုင်ခြင်းတို့ ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းတို့ မရှိတာ။ ဒါပေမယ့် ဒါတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်ဗျ’’ ဟု ၎င်းက ထပ်မံသုံးသပ်ပြောဆိုသည်။

နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့၏ ၀ါဒဖြန့်ချိမှု၊ အတိုက်အခံများအား ရှုတ်ချနှိပ်ကွပ်မှုများကို ၎င်းတို့ပိုင် သတင်းစာများတွင်သာမကဘဲ ပုဂ္ဂလိက ဂျာနယ်များတွင်ပါ ဆောင်းပါးများ မထည့်မနေရ ထည့်သွင်းစေရာမှ ယခုအခါ ပုဂ္ဂလိက ဂျာနယ်များမှ ဖော်ပြသည့်အသွင် သတင်းပုံစံဖြင့်ပါ ဖော်ပြလာခြင်းဖြစ်သည်။

ယင်းကဲ့သို့သော မတရားလုပ်ရပ်များနှင့် ပြည်တွင်းစီးပွားရေးကျဆင်းလာနေခြင်းတို့ကြောင့် လူထုအတွင်း မကျေနပ်မှု များပြားနေရာ ၂၀၀၉ ခုနှစ်အတွင်း ဆန္ဒပြပွဲများထပ်မံ ဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းတင်က သုံးသပ်လိုက်သည်။
ခေတ်ပြိုင်မှ

Monday, January 5, 2009

ဒေါ်စု လွတ်လပ်ရေးသီးချင်းများဖွင့်
အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယမန်နေ့က ကျရောက်သည့် ၆၁ နှစ်မြောက် လွတ်လပ်ရေး နေ့တွင် ၎င်း၏ နေအိမ်၌ လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် သီချင်း များကို ဖွင့်ခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြ သည်။
ဒေါ်အောင်ဆန်းစုကြည်က ခြံတခါးဝ နဖူးစည်းတွင် အ၀တ်အနီပေါ်၌ စာလုံးအ၀ါရောင်ဖြင့်“တိုင်းပြည်နဲ့ လူမျိုး အကျိုးကို ရှေးရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ။ ဗိုလ်ချုပ် အောင်ဆန်း ”ဟု လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ ပြောစကား ရေးသားထားသည့် ဆိုင်းဘုတ်တခုကို ချိတ်ဆွဲထားကြောင်းလည်း ဦးဥာဏ်ဝင်း က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆောင်ရွက်တာလို့ သိရတယ်၊ အဲဒါ ပတ်ဝန်းကျင်က လူတွေက လွတ်လပ် ရေးနဲ့ ဆိုင်တဲ့သီချင်းတွေ ဖွင့်တာကြားရတယ်လို့ အဲဒီလိုလည်း ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ကြာသပတေးနေ့က မိသားစု ဆရာဝန် တွေ့ရှိ ချက်အရ ကောင်းမွန်သည်ဟုကြားသိရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးဝန်းကျင်တွင် လုံခြုံရေးများ ပုံမှန် ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ရုံးချုပ်တွင် ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

ယင်းကြေညာချက်တွင် ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသုံးသပ်ရေးကော်မတီ ဖွဲ့စည်းပေးရန်၊ ယင်းကော်မတီက ၆ လအတွင်း အပြီးအပြတ် ဆောင်ရွက်ရန်စသည့် အချက်များ အဓိကပါဝင် သည်ဟု ၎င်းက ဆိုသည်။

အန်အယ်လ်ဒီနေနှင့်၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးမည်ကဲ့သို့ ဆောင်ရွက်မည်ကို ပြောဆိုမထားသော် လည်း ၁၉၉၀ ပြည့်နှစ်ရွေး ကောက်ပွဲ ရလာဒ်ကို ကောင်အထည် မဖော်ဘဲနှင့် နောင်ပြုလုပ်မည့် ရွေးကောက်ပွဲ များနှင့် ပတ်သက်၍ ထည့်သွင်း စဉ်းစားရန်မရှိဟူသော အဓိပ္ပာယ်ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နုတ်ချက်ကို စာမျက်နှာ ၆ မျက်နှာရှိ အဆိုပါ လွတ်လပ်ရေးနေ့ ကြေညာချက်တွင်ထည့်သွင်း ဖော်ပြထား ကြောင်းလည်း သိရသည်။

ယင်း ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု၍ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးနှင့်ဒီမိုကရေစီ ဖော်ဆောင် ရေးတို့အတွက်ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာနိုင်ငံသားများ၏ ငြိမ်းချမ်းစွာလှုပ်ရှား ဆောင်ရွက်မှုများကို အမေရိကန်နိုင်ငံက ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကမူ ၎င်း၏ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် လမ်းပြမြေပုံ (၇) ဆင့်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လည်း ပြည်သူတရပ်လုံးက တခဲနက်ထောက်ခံထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံသစ်နှင့်အညီ ဒီမို ကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းရန်အတွက် ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားထားကြောင်းကို အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

တချိန်တည်းတွင်ပင် ၎င်း ဗိုလ်ချုပ်မှူးကြီး၏ စစ်အစိုးရကို စာတစောင်ရေး၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အယူခံလွှာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တွေ့ခွင့်ပေးရန် ထပ်မံ တောင်းဆို ထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ကိုင်တွယ် ဆောင်ရွက်မည့် အစိုးရ အဖွဲ့မှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သို့ လိပ်မူ၍ အယူခံလွှာနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လိုအပ်ကြောင်း ပြီးခဲ့ သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က စာရေးသား တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ဦးကြည်ဝင်းက ပြောပြသည်။

“စာတင်တာ အဓိက က အယူခံလွှာတင်ပြီးပြီဆိုတာကို ဒေါ်စုကို သတင်းပို့ဖို့ နဲ့ အယူခံလွှာရဲ့ နောက်တဆင့် လျှောက်လှဲချက် ပေးတာ၊ အဲဒီအခါမှာ ကျနော်တို့ ရှေ့နေတွေရဲ့သဘောနဲ့ ပြောတာမျိုး မဖြစ်သင့်ဘူး၊ ကာယကံ ရှင်ရဲ့ ညွှန်ကြားချက် ရယူဖို့ ၊ ညွှန်ကြားချက် ရယူပြီးပြောမှ စစ်မှန်တဲ့ လျှောက်လှဲချက်ဖြစ်မှာပေါ့၊ အဲဒီ ၂ ချက် အတွက် ဒေါ်စုနဲ့ တွေ့ဆုံဖို့ လိုပါတယ်၊ တွေ့ဆုံချင်ပါတယ် မဟုတ်ဘူး၊ အဲဒီအတွက် ထပ်တင်တာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။

၂၀၀၈ ခု ဒီဇင်ဘာလအစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် တောင်းခဲ့သည်ကို သက်ဆိုင်ရာ အာဏာပိုင်များက အယူခံလွှာကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က ဆောင်ရွက်နေသည့်အတွက် တွေ့ဆုံရန် မလိုကြောင်း ပြောဆို၍ ခွင့်ပြုချက်မပေးခဲ့သောကြောင့် ယခုကဲ့သို့ ထပ်မံ တောင်းဆိုရခြင်းဖြစ်သည်ဟုလည်း ဦးကြည်ဝင်းက ပြောသည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဦးကြည်ဝင်းက ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၀၉ မေလ တွင် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သောကြောင့် ၎င်းအား ယခုလတ်တလော ပြန်လွှတ်ပေးမည်ဆိုပါလျှင် အစိုးရအပါအ၀င်အားလုံး အတွက် ကောင်းမွန်သည့် လုပ်ရပ်တခုဖြစ်ကြောင်း ပြောဆိုသည်။

“ဒေါ်စုကို ပြန်လွှတ်မယ်လိုလိုလည်း ကြားတယ်၊ ဖြစ်နိုင်တာက အခုအရေးယူထားတဲ့ နိုင်ငံတော်အား နှောင့် ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနဲ့ပတ်သက် ပြီး ပုဒ်မ ၁၆ မှာ ပြဌာန်းထားတာကတော့ ရက်ပေါင်း ၆၀ မှာ အနည်းဆုံးတကြိမ် ပြန်လည်ပြီးတော့ တားဆီးထားတာတို့ကန့်သတ် ထားတာတို့ကို ပြန်သုံးသပ်တာ၊ သုံးသပ်ပြီးတော့ အချုပ်အချာ အာဏာ၊ နိုင်ငံတော်ရဲ့လုံခြုံ ရေး၊ ဒါတွေပေါ်မှာ ဘာမှအန္တရာယ် မရှိတော့ဘူးဆိုရင်၊ လွှတ်ပေးမယ်၊ သူတို့ အဲဒီ ပုဒ်မကို ကျင့်သုံးပြီးလွှတ်လိုက် ရင် ကျနော်တို့ တောင် လျှောက်လှဲချက်တွေ ဘာတွေ လုပ်စရာ မလိုဘူး”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီ ဖြစ်သော်လည်း စစ်အစိုးရက ၂၀၀၈ ခု နှစ် မေလတွင် အကျယ်ချုပ်သက်တမ်း ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့်နေရ ချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
Irrawaddy သတင်းမှ
UWSA က အုပ်ချုပ်ရေးနယ်မြေကို အမည်ပြောင်း Print E-mail


ချင်းမိုင် (မဇ္ဈိမ)။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီက သူတို့၏ အုပ်ချုပ်ရေးနယ်မြေကို မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၂) အမည်အစား မြန်မာနိုင်ငံတော် ဝ' ပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေးဒေသ အဖြစ် ယခုလ ၁ ရက်နေ့မှ စတင်ကာ ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။

အုပ်ချုပ်ရေးနယ်မြေကို ယခုလို အမည်အသစ်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်းကို မြန်မာစစ်အစိုးရထံ အကြောင်းကြားပြီးဖြစ်ကြောင်း အနီးကပ် လေ့လာစောင့်ကြည့်နေသူများ အဆိုအရ သိရခြင်းဖြစ်သည်။

"စာတင်တာ မဟုတ်ဘူးနော်။ သူတို့က အကြောင်းကြားတာ။ ခွင့်ပြုချက်တောင်းတာ မဟုတ်ဘူး။ ကျုပ်တို့ ဒီလိုလုပ်မယ်ဆိုတာကို အကြောင်းကြားတာ။ အခုက နာမည်ပြောင်းခေါ်မှာ၊ မြန်မာနိုင်ငံတော် ဝ' ပြည်နယ် အစိုးရ အထူးအုပ်ချုပ်ရေး ဒေသဆိုပြီး'' ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာနေသူ ဦးအောင်ကျော်ဇောက ပြောသည်။

သူက ဆက်ပြီး ''ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီက မပြောင်းပါဘူး။ ဒေသဆိုင်ရာ အုပ်ချုပ်မှုကို နာမည်ပြောင်းပြီးတော့ သုံးမှာ။ seal (တံဆိပ်) တွေ ဘာတွေလည်း အကုန် ရိုက်ပြီးသွားပြီ။ သက်ဆိုင်ရာ ဒေသတွေမှာလည်း နာမည်ပြောင်းလုပ်ထားတဲ့ ဆိုင်းဘုတ်တွေ ဘာတွေ လုပ်ပြီးသွားပြီ" ဟု ပြောသည်။

ရှမ်းပြည်နယ်အရေး အထူးပြု ဖော်ပြလေ့ရှိသော ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ဖြစ်သူ ဦးစိန်ကြည်ကလည်း အဆိုပါ သတင်းကို ကြားသိရကြောင်း ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၆-၂၇ ရက်နေ့များတွင် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက ဝ' တပ်မဟာ (၄၁၇) နှင့် ဝ' တောင်ပိုင်းဒေသ အုပ်ချုပ်ရေးအတွင်း ပါဝင်သည့် မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များကို အခြေခံသော အမှတ် (၁၇၁) ဝ' စစ်ဒေသအတွင်းမှ စစ်ရေးနှင့် အုပ်ချုပ်ရေး အရာရှိများကို ကျိုင်းတုံ၌ ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သူက ဆိုသည်။

ထိုတွေ့ဆုံပွဲတွင် ဝ' တပ်ဖွဲ့များ အသွင်ပြောင်းရေး အပါအ၀င် အခြေခံ ဥပဒေသစ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဝ' အဖွဲ့၏ အကြောင်းကြားစာကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သူက ပြောသည်။

ဝ' တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသ ၂ ခုလုံးကို အကြုံးဝင်သည့် ဝ' ဗဟိုမှ နအဖ စစ်အစိုးရထံ ယခုလို အကြောင်းကြားစာ ပေးပို့မှုသည် မြန်မာနိုင်ငံ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အကျပ်အတည်း ဖြစ်ပေါ်နေသည်ကို ပြသရာရောက်သလို၊ နအဖ အနေဖြင့် ယခုစာနှင့်ပတ်သက်၍ သဘောမကျသည့်တိုင် ဝ' အဖွဲ့ကို စစ်ရေးအရ အရေးယူရန် အခက်အခဲရှိကြောင်း ဦးအောင်ကျော်ဇောက ယခုလို သုံးသပ်ပြောဆိုသည်။

"နိုင်ငံတကာမျက်နှာစာမှာ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး လုပ်ထားနိုင်တယ် ဆိုတာကလွဲပြီး ဘာမျက်နှာမှ မရှိဘူး။ ဒီလို နိုင်ငံတကာဖိအား ကြီးနေတဲ့အချိန်မှာ သူ (နအဖ) က ထပ်ပြီး ဒါကို အသံထွက်တဲ့အထိ အဖြစ်မခံနိုင်ဘူး။ နောက်ပြီး လူထုကလည်း ၈၇-၈၉ ရာခိုင်နှုန်းက ဝ' တွေပဲ။ အဲဒီလို နေရာမျိုးကို ဗမာအစိုးရက စိတ်ကူးယဉ်ပြီး သွားလုပ်မယ်ဆိုရင် အုတ်နံရံကို ခေါင်းနဲ့ ဆောင့်သလို ဖြစ်နေမယ်" ဟု သူက ပြောသည်။

သူက ဆက်ပြီး "လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဒီကနေ့ ရေးဆွဲတဲ့ ဖွဲ့စည်းပုံကို လုံးဝ လက်မခံဘူး။ နည်းသဏ္ဍာန် မျိုးစုံနဲ့ ဖော်ပြကြတာပဲ။ ၂၀၀၇ ခုနှစ်မှာ သံဃအရေးတော်ပုံအပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာ ဝ' တွေ ထုတ်ပြန်ခဲ့တာ ရှိတယ်။ သူတို့နဲ့ပတ်သက်တာ ပါတယ်။ ကျနော်တို့ကို မူလက ကတိခံထားသကဲ့သို့ လက်ရှိ ရေးဆွဲတဲ့ ဖွဲ့စည်းပုံထဲမှာ ကျနော်တို့ကို အထူးဒေသ အဖြစ် ဆက်လက်တည်ရှိခွင့် ပြုပါရန်ဆိုတာ ပါတယ်" ဟု ပြောသည်။

ဝ' ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) အဖွဲ့နှင့် အဖွဲ့မှ ထိပ်တန်းတပ်မှူးများဖြစ်သည့် ဝေရှောက်ခန်၊ ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် UWSA စစ်ဦးစီးချုပ် ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန် အပါအဝင် လူပုဂ္ဂိုလ် ၂၆ ဦးနှင့် ကုမ္ပဏီ ၁၇ ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန (OFAC) က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မဇ္ဈိမ သတင်းမှ